ကော်သူးလေတပ်မတော် (KTLA) မှ ကော်သူးလေနိုင်ငံတော်အဖြစ် ကြေညာပြီး မိမိကိုယ်ကိုယ် အစိုးရဟု ကြွေးကြော်ကာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရမယ့်အစား တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းတွေကို အမြဲတစေ နှောင့်ယှက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU က ထုတ်ပြန်ပါတယ်။
KTLA လက်အောက်ခံ ဗိုလ်အယ်ခွီးရဲ့ လုပ်ရပ်တွေဟာ စစ်တပ် အလိုကျ အလုပ်အကျွေးပြုကာ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးကို ပံ့ပိုးနေခြင်း ဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ နဲ့ ၂၀၂၆ ခုနှစ် ကာလအတွင်း တော်လှန်ရေးရဲ့ စစ်ရေးအရှိန်မြင့်လာတဲ့ အချိန်မှာ ဗိုလ်အယ်ခွီး နဲ့ အဖွဲ့ဟာ KNU တပ်မဟာ (၄) နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ နောက်တန်းစခန်းတွေ သာမက စစ်ကူ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပို့ဆောင်တဲ့ ယာဉ်တွေကိုလည်း မကြာခဏ ချုံခိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ကို တိုက်ခိုက်မယ်လို့ ကြွေးကြော်ခဲ့သော်လည်း ဘယ်တော်လှန်ရေး အင်အားစုတွေ နဲ့ ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ခိုက်ခြင်း မရှိသလို တော်လှန်ရေးအင်အားစုတွေကို ချုံခိုတိုက်ခိုက် သတ်ဖြတ်ခြင်းဟာ စစ်တပ်ရဲ့ စစ်ရေးနည်းဗျူဟာကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သက်သေပြနေတယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေကို KNU တပ်မဟာ (၄) နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး သတ်ဖြတ်တာ၊ လူနေအိမ်တွေကို မီးရှို့တာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရေး နိုင်ငံရေး နဲ့ မပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထံ ငွေကြေးမြောက်များစွာကိုလည်း တောင်းခံခြင်း၊ လုယက်ခြင်းတွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။
မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နဲ့ အခြားသော တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်တပ်ကို တိုက်ခိုက်နေရတာကြောင့် ငရံ့နီချောင်းဖျားမှာ အခြေစိုက်တဲ့ ဗိုလ်အယ်ခွီး နဲ့အဖွဲ့ကို အာရုံစိုက်မှု အားနည်းတဲ့အပေါ် အခွင့်ကောင်းယူပြီး မိမိတို့ကို တိုက်ခိုက်မှုအား ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုပါတယ်။
KTLA လက်အောက်ခံ ဗိုလ်အယ်ခွီး နဲ့ အပေါင်းအပါတွေကို လူထုဆန့်ကျင်ရေး လုပ်ငန်းတွေ လုပ်ခြင်း၊ စစ်တပ်ရဲ့ စစ်ရေးဗျူဟာအောက်မှာ ပါဝင်ပတ်သက်ခြင်းတွေကြောင့် ၎င်းတို့ကို စစ်တပ်ရဲ့ မိတ်ဖက်အဖွဲ့ဟု သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က KNU မှ ခွဲထွက်ပြီး “ကော်သူးလေတပ်မတော်”ကို တည်ထောင်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာတော့ “ကော်သူးလေသမ္မတနိုင်ငံတော်”အမည်ဖြင့် အမှီအခိုကင်းပြီး လွတ်လပ်တဲ့ နိုင်ငံတော်သစ်တခုတည်ထောင်လိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။