စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ ကတူးအာမီတို့ရဲ့ မြို့သိမ်းတိုက်ပွဲကြောင့် မြို့တွင်းပျက်စီးမှုမှာ ၈၀ ရာခိုင်နှုန်းရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆောက်အဦအချို့မှာ ပျက်စီးမှု ပြင်းထန်စွာ ဖြစ်ပွားထားတာကို တွေ့ရပြီး ဆိုင်ခန်းအချို့ရဲ့ တံခါးတွေပေါ်မှာ “HPDF တပ်ရင်း နမ့်တော” ဟု အနီရောင်ဖြင့် ရေးသားထားတာတွ တွေ့ရှိရသလို အဆောက်အဦအတွင်းပိုင်းတွေမှာလည်း ပစ္စည်းတွေ ဖောက်ယူ၍ ပြည်သူပိုင်အိမ်တွေမှာ ခံစစ်ပြင်ဆင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အချို့နေရာတွေမှာတော့ မီးလောင်ပျက်စီးထားတဲ့ အဆောက်အဦးတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ ချိုးဖျက်ခံထားရတာတွေ နဲ့ ကျည်ခွံတွေ ပြန့်ကျဲနေခြင်းတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ဘုရားကျောင်းအဆောက်အဦတစ်ခုအတွင်း မိုးကြမ်းခင်းတွေ ကျိုးပျက်ကျဆင်းနေပြီး ပစ္စည်းအများအပြား ပျက်စီးထားတဲ့ အခြေအနေမှာရှိနေပြီး ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ လုံခြုံရေးအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ထိန်းသိမ်းလျက်ရှိပြီး နေအိမ်စွန့်ခွာထားရတဲ့ ပြည်သူတွေအတွက် နေရပ်ပြန်နိုင်ဖို့ နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပ်ဆောင်နိုင်ဖို့ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ကို သိမ်းပိုက်လိုက်ပါတယ်။
အဲဒီနောက် SNA ဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဗန်းမောက်မြို့အနီးဝန်းကျင်နေရာအချို့မှာ SNA ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
KIA၊ PDF နဲ့ ကတူးအာမီတို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံပြည်သူလူထု နဲ့ ကျေးရွာအများအပြားရှိ ဒေသခံတွေဟာ ဘေးကင်းရာ တိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။




