မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့ လုံးတုံကျေးရွာရှိ စစ်တပ်စခန်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်အဖွဲ့တို့က မနေ့က မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့် မိုးညှင်း – ဖားကန့်လမ်းကို ပိတ်ထားလိုက်ကြောင်း၊ KIA ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသွားအချို့ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့က မနက် လုံးတုံမှာရှိတဲ့ စစ်တပ်စခန်းကို KIA ဖက်က သွားတိုက်တာ အသံတွေ အတိုင်းသား ကြားနေရတယ်၊ ခရီးသွားတွေ ထိတယ်လို့ ကြားတယ်၊ အကျအဆုံးတော့ မကြားမိဘူး၊ ထိခိုက်ဒဏ်ရာရတာတဲ့” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းပိုင်းတွေ သွားလာမှု ကန့်သတ်ထားပြီး စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလကုန်ပိုင်းကလည်း အင်းတော်ကြီး အရှေ့ကမ်း ဟဲပါးကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ ကျားဖြူစစ်ကြောင်း နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီနောက် KIA ပူးပေါင်းတပ်တွေဟာ ချောင်းဝကျေးရွာဘက်သို့ ဆုတ်ခွာသွားကြပြီး လုံးတုံကျေးရွာကို ပြန်လည်တိုက်ခိုက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာလည်း ဖားကန့်မြို့နယ်မှာ စစ်တပ် နဲ့ KIA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သားထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။