Home ငြိမ်းချမ်းရေး သျှမ်း၊ တအာင်း၊ ကချင်အပါ လူမျိုးအားလုံး မေတ္တာတရားနဲ့ အတူနေထိုင်သွားရမှာလို့ TNLA ဥက္ကဋ္ဌ ပြော

သျှမ်း၊ တအာင်း၊ ကချင်အပါ လူမျိုးအားလုံး မေတ္တာတရားနဲ့ အတူနေထိုင်သွားရမှာလို့ TNLA ဥက္ကဋ္ဌ ပြော

by Homeland Author

မိမိတို့ဒေသအတွင်းမှာ သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့်နဲ့ အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးတမျိုးနဲ့တမျိုး မေတ္တာတရား နဲ့ အတူနေထိုင်သွားရမှာဖြစ်တယ်လို့ တအာင်းတပ် (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

နှစ်ပေါင်း (၇၀) နီးပါး စစ်အစိုးရအဆက်ဆက်ရဲ့ အုပ်ချုပ်ရေးယန္တယားနဲ့ လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အောက်မှာ ကြီးပြင်လာကြတဲ့အတွက် မြေပြင်ပကတိမှာ စုပေါင်းနေထိုင်ကြတဲ့ မိမိတို့ နယ်မြေခံ ဒေသခံတိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နဲ့ အတူယှဉ်တွဲနေထိုင်တတ်ဖို့ မေ့လျော့နေခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ (၆၃) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအကိုတွေလည်း မတူကွဲပြားတဲ့ ကိုးကွယ်ရာဘာသာ၊ ရိုးရာဓလေ့၊ နောက်ခံသမိုင်းကြောင်းတွေကို အပြန်အလှန်လေးစားမှုထားရှိပြီး လက်တွဲနေထိုင်သွားကြရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

အလားတူ ပြောင်းလဲလာတဲ့ ဒေသအခြေအနေ နဲ့ တိုးတက်မှုတွေကို နားလည်လက်ခံပြီး အတူရင်ဆိုင်ကျော်လွှားနိုင်ဖို့လည်း လိုအပ်ကြောင်း ပြောပါတယ်။

တအာင်းအမျိုးသားတော်လှန်ရေး ရဲဘော်များအနေဖြင့်လည်း မျိုးချစ်စိတ်ဓါတ်၊ မိမိလုပ်ငန်းတာဝန်ယူလိုတဲ့ စိတ်ဓါတ်၊ လေ့လာသင်ယူလိုတဲ့ စိတ်ဓါတ်ကို ပြိုင်ဆိုင်ဖို့ လိုအပ်ကြောင်း၊ မျိုးချစ်စိတ်ဆိုတဲ့နေရာမှာ အပေါ်ယံပါးစပ်ဖျားအပြောသက်သက်သာ မဟုတ်ဘဲ နှလုံးသွေးသား နဲ့ မျိုးချစ်စိတ်ဓါတ်ဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

TNLA တပ်ဖွဲ့ဝင်တွေအားလုံးကို မှာကြားလိုတာက မိမိတို့ဟာ ချမ်းသာကြွယ်ဝမှု၊ အခွင့်အရေး နဲ့ ရားထူးနေရာမှာ ရယူလိုမှုသက်သက် မဟုတ်ဘဲ အထက်ပါအချက် (၃) ချက်ကိုသာ ပြိုင်ဆိုင်ကြဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောပါတယ်။

related posts

Leave a Comment