Home ငြိမ်းချမ်းရေး စစ်တပ်နဲ့ အပစ်ရပ်ခြင်းက နားချိန်တန်၍ဖြစ်ပြီး အားပြန်စုဖို့ နားတာဟု ဗိုလ်ချုပ်တားဘုန်းကျော်

စစ်တပ်နဲ့ အပစ်ရပ်ခြင်းက နားချိန်တန်၍ဖြစ်ပြီး အားပြန်စုဖို့ နားတာဟု ဗိုလ်ချုပ်တားဘုန်းကျော်

by Homeland Author

စစ်တပ် နဲ့ တအာင်းတပ် (TNLA) တို့ အပစ်ရပ်ခြင်းက နားချိန်တန်၍ နားခြင်းဖြစ်ပြီး အားပြန်စုဖို့ နားတာလို့လည်း TNLA ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်တို့မှ ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာဖို့ စစ်တပ်နဲ့ သဘောတူမှုရရှိခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်က “အပစ်ရပ်ခြင်း၊ ဆုံးဖြတ်ချက် ပြင်းထန် မြန်ဆန်လို့ ပေါက်ကွဲ ခံစားမှုတွေအတွက် နားလည်ပါတယ် ငါ့မျိုးချစ်ရဲဘော်တွေနဲ့ နွေဦးရဲဘော်တို့ရေ…။ ၁၉၉၀ ကာလ အပစ်ရပ်ကစားကြတာ မိတ်ဖက်တွေကိုယ့်နယ်ထဲကနေ သတ်မှတ်ရက်အတွင်း ထွက်ခဲ့ရတဲ့ ကစားကွင်းမျိုး…။ စီးပွါးနွံနစ် ဆွေမျိုးအဆီရစ်တဲ့ကာလမျိုး ဒီနေ့… ငါတို့ခေတ်မှာ မရှိတော့ဘူးလေ…။ လေယာဉ်ဗုံးကြဲဒါဏ် ငါတို့တွေအတူခံနေကြရတာပဲ ဒရုမ်းမိုးရွာဒဏ် ငါတို့အတူခံကြရတာပဲ ဘာမဆိုလုပ်ရဲတယ် ဆိုသူရဲ့ ငံကျိကျိ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို ငါတို့က ဘာအဓိပ္ပါယ်ဖွင့်စရာလိုမှာလဲ…။ ဒီ… ကစားပွဲမှာ နားချိန်တန်လို့နားတာ၊ ဖိအားများလို့နားတာ၊ အားပြန်စုဖို့နားတာ …။ စမတ်ကျတဲ့ခေတ်ကြီးမှာ ငါတို့တော်လှန်ကြတာ အားလုံးဟာ အမြင့်ကိုပျံတက် ငါတို့လိုချင်တာ လက်ရခူးဆွတ်ဖို့ပဲလေ……” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ နဲ့ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာ၂၇၊ ၂၈ရက်တို့မှာ ပြုလုပ်ပြီးနောက် အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး သဘောတူသတ်မှတ်ထားတဲ့ ကာလအတွင်း မိုးကုတ် နဲ့ မိုးမိတ်မှ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမှာဖြစ်ပြီး စစ်တပ်ဖက်ကလည်း TNLA ထိန်းချုပ်ဒေသကို လေယာဉ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

တဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားခဲ့တဲ့ မိုးကုတ်မြို့မှ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ ကြေညာထားသော်လည်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မန္တလေး (MDY-PDF) အပါအဝင် ပူးပေါင်းတပ်တွေက ဆက်လက်ထိန်းချုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

TNLA ဟာ ၂၀၂၃ အောက်တိုဘာလ ၂၇ မှာ မဟာမိတ်တပ်တွေဖြစ်ကြတဲ့ ရခိုင်တပ် (AA)၊ ကိုးကန့်တပ် (MNDAA) တို့နဲ့အတူ စစ်တပ်ကို ပေါင်းတိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းက မိုးကုတ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအတွင်းမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ် မြို့တွေကို TNLA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

အဲဒီမြို့တွေအနက် စစ်တပ်က နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို ထိုးစစ်ဆင်၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ကူမင်းဆွေးနွေးပွဲမှတဆင် မိုးကုတ် နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်က ပြန်လည်ရရှိခဲ့ပါတယ်။

related posts

Leave a Comment