စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ရှမ်းနီအမျိုသားများ တပ်မတော် (SNA) ထိန်းချုပ်ဒေသသို့ လာရောက်၍ စစ်ရှောင်နိုင်ကြောင်း ကတူးကျေးရွာအသီးသီးမှ ဒေသခံတွေကို SNA တာဝန်ရှိသူတစ်ဦးက ကတူးရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေကို အသိပေး ပြောကြားထားတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေ ဗန်းမောက် – ကြောင်လည် လမ်းမကြီးဘေးရှိ ကတူးကျေးရွာတွေအတွင်း ကျရောက်နိုင်သည့်အတွက် ဒေသခံ ကတူးလူမျိုးတွေ ထိခိုက်မှု မရှိစေရေး ကြိုတင်အသိပေးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာလည်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့ PDF တွေဟာ ဗန်းမောက် ကြောင်လည် လမ်းမကြီးဘေးရှိ ကတူးရွာတွေမှ ဒေသခံတွေကို SNA ထိန်းချုပ်ဒေသရှိ စစ်ရှောင်စခန်းတွေ၊ ၎င်းတို့ ဆွေးမျိုးသားချင်း ကတူးကျေးရွာတွေထံ သွားရောက်နေထိုင်ခြင်း၊ အကူအညီတောင်းခံခြင်းတွေ မပြုလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ကတူးကျေးရွာတွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားလာပါက SNA ဟာ ကတူးကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေဟုဆိုကာ ဌာနေသား ရှမ်းနီ လူမျိုး နဲ့ ကတူးလူမျိုးတွေကို ပြဿနာဖြစ်ပွားအောင် လုပ်ဆောင်လာနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“SNA ကတော့ ဗန်းမောက်မြို့ ပြန်ရရှိဖို့ သူကတော့ ထိုးစစ်ဆင်မှာပဲလို့ ယူဆတယ်။ စစ်ပွဲကြောင့် လက်နက်ကြီးတွေ ကတူးရွာတို့ ကျရောက်ပေါက်ကွဲရင် ရှမ်းနီတွေက နိုင်စားတယ်ဆိုပြီး မီဒီယာတွေကနေ ကတူး နဲ့ ရှမ်းနီ ပြဿနာတက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေ ရှိနေတယ်။ ဒါကိုတော့ သတိကြီးကြီးထားရမှာပါ့” လို့ ပြောပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့အချို့ ဟာ ရှမ်းနီလူထု နဲ့ ကတူး၊ ကနန်းလူထုတို့ အကြားမှာ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလိုတဲ့ ပုံစံတွေ လှုံ့ဆော်မှုတွေ အင်တာနက်ကွန်ရက်တွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ပေါ်ပေါက်လာနေတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) ကလည်း အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KIA/PDF တို့က SNA ထိန်းချုပ်ဒေသသို့ စစ်ရှောင်ခွင့် ပိတ်ပင်ထားတဲ့ ကတူးကျေးရွာတွေဟာ ဗန်းမောက် – ကြောင်လည် ကားလမ်းမကြီးဘေးရှိ ကံရွာ၊ အလယ်ရွာ၊ တောင်ကုန်း – အရှေ့ကုန်း၊ သခွက်တာ၊ ခိုနန်း၊ လက်ပန်ကျင်း၊ နန့်မွန်းခေါင်ရွာတွေလို့ သိရပါတယ်။
KIA/PDF တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲဟု တရားဝင်ကြေညာပြီး ဗန်းမောက်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီနောက် ပင်းခါးလမ်းဆုံမှ စစ်ကူလာတဲ့ SNA တပ်ဖွဲ့ကို ၎င်းတို့ ခြေကုတ်ယူထားတဲ့ လက်ပန်ကျင်းကျေးရွာမှ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ဗန်းမောက် – ကြောင်လည် ကားလမ်းမကြီးဘေးရှိ ကတူးရွာတွေကို အခြေပြု လှုပ်ရှားနေတဲ့ KIA/PDF ကို SNA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ထိခိုက်မှု ရှိနိုင်တဲ့အတွက် လာရောက်စစ်ရှောင်ကြဖို့ SNA က ကတူးတွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ထို့အတူ ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ညောင်သာယာကျေးရွာမှ ကတူးတိုင်းရင်းသားတွေဟာ SNA ထိန်းချုပ်ဒေသသို့ စစ်ရှောင်လာကြပြီး SNA၊ ရှမ်းနီလူထု နဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်း၍ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ ထောက်ပံ့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ SNA နဲ့ KIA/PDF တို့ ဗန်းမောက်မြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး မြို့အနီးရှိ စက်တော၊ ခမိုးကျေးရွာတို့ကို SNA က အောက်တိုဘာ ၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ SNA ထိန်းချုပ်ဒေသကို မကြာခဏဆိုသလို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရှမ်းနီရွာဖြစ်တဲ့ ပင်းခါးကျေးရွာ မီးလောင်ပျက်စီးခဲ့ရသလို ကြောင်လည်ကျေးရွာရှိ တိုက်နယ် ဆေးရုံ၊ အထက ကျောင်း၊ မံစီ-တိုက်နယ်ဆေးရုံ နဲ့ အထက ကျောင်းတွေ မီးလောင်ပျက်စီးမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။