စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ရွှေကျောင်းကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်တပ်ဖွဲ့ (KIA) ပူးပေါင်းတပ်ဖွဲ့တို့အကြား မနေ့က စက်တင်ဘာ ၂၄ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေကျောင်းကျေးရွာဖက်ကို KIA ဦးဆောင်၍ PDF၊ ကတူးအဖွဲ့တွေဟာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရွှေကျောင်းရွာသား အများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က မနက် ၅ နာရီကျော်လောက် သူတို့ (KIAနဲ့ လက်အောက်ခံအဖွဲ့) တွေက ရွှေကျောင်းဖက် ထိုးစစ်ဆင်လာတယ်လို့ ပြောတယ်။ ညကတည်းက ရွှေကျောင်းဖက် ကပ်လာတာတဲ့၊ ရွှေကျောင်းအနီးမှာ SNA ကာကင်းကုန်း ရှိတယ်၊ အဲဒါကို ဟိုဖက်က အင်အားအလုံးအရင်း နဲ့ ထိုးစစ်ဆင်တာလို့ ပြောတယ်။ ရွှေကျောင်းရွာသား ၅၀ ကျော်ကိုလည်း သူတို့က ဖမ်းခေါ်သွားကြတယ်” လို့ ပြောပါတယ်။

ပင်းခါးမှာ သေဆုံးသွားတဲ့ KIA လက်အောက်ခံ ကတူး-PDF ရဲ့ လက်နက်ခဲယမ်းများ (စက်တင်ဘာ ၂၄၊ ၂၀၂၅)
အလားတူ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ဗန်းမောက်မြို့အနီး ခမိုးရွာဘက်ရှိ ခမိုးတာဝါတိုင်ဘက်ကို KIA ဦးဆောင်၍ PDF၊ ကတူးအဖွဲ့တွေဟာ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း SNA ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် KIA ရဲ့ လက်အောက်ခံအဖွဲ့ဖြစ်တဲ့ ကတူး-PDF တွေ ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံရမှုတွေလည်းရှိနေပြီး သေဆုံးအလောင်းတွေနဲ့အတူ မူးယစ်ဆေးဝါးတွေလည်း တွေ့ရှိရတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့တကွ ရေးသားထားတာကို တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိမှာ SNA က ယာယီနောက်ဆုတ်ထားတယ်လို့ သိရပါတယ်။
အဲဒီနောက် ဗန်းမောက်မြို့အနီး ကျေးရွာတွေမှာလည်း SNA နဲ့ KIA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပင်းခါးမှာ သေဆုံးသွားတဲ့ KIA လက်အောက်ခံ ကတူး-PDF ရဲ့ အလောင်းနဲ့အတူ တွေ့ရတဲ့ မူးယစ်ဆေး