အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ပြစ်မှုကျူးလွန်ခံရခြင်း နဲ့ ပတ်သက်၍ ပါဝင်ပတ်သက်သူတွေ အားလုံးကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း နဲ့ အမြင်သစ် ကိုယ်ပိုင်စာသင်ကျောင်းတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ/ကျောင်းသား ၁၉ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အညွန့်တလူလူ တက်နေတဲ့ အာရက္ခမျိုးဆက်သစ် လူငယ်တွေအပေါ် ပြစ်မှု ကျူးလွန် ခံရခြင်းနဲ့ ပတ်သက်၍ တရားမျှတမှု ရရှိနိုင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး ကျူးလွန်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ စစ်တပ်ရဲ့ နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုတွေကို လက်ပိုက်ကြည့်မနေဘဲ ထိရောက်အားပါတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အထူးလိုအပ်နေတယ်လို့ AA က ပြောပါတယ်။
မိမိတို့ အနေဖြင့်လည်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု အချက်အလက်တွေကို သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်သူလူထုတွေ နေထိုင်ရာ မြို့ရွာတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ နဲ့ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာတာကြောင့် သတိထား နေထိုင်ကြဖို့ AA က တိုက်တွန်းထားပါတယ်။