အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုကြောင့် မင်းသူကျော် (ခ) မောက်ခမ်းဝါကို တာဝန်မှ ထုတ်ပယ်လိုက်တယ်လို့ Loikaw PDF က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်လွိုင်ကော်တပ်ရင်းမှာ ထောက်ပို့နဲ့ ဘဏ္ဍာရေးကိစ္စတွေ တာဝန်ယူထားတဲ့ မင်းသူကျော် (ခ) မောက်ခမ်းဝါဟာ မေလ ၂၃ ရက်မှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု ပြုလုပ်ခဲ့ခြင်းကြောင့် မေလ ၂၇ ရက်မှာ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
“မေလ ၂၃ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှု ပြုလုပ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများက စနစ်တကျ စစ်ဆေးပြီးနောက် ပြစ်မှူကျူးလွန်ကြောင်း ထင်ရှားစွာတွေ့ရှိရသဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်(လွိုင်ကော်) မှ ထုတ်ပယ်ပြီးဖြစ်သည်” ဟု ဆိုပါတယ်။ ဒါ့အပြင် မောက်ခမ်းဝါကို Loikaw PDF ရဲ့ တော်လှန်ရေး ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေဖြစ်တဲ့ သူပုန်ကော်ဖီ၊ ချပ်ဝပ်နီကမ်ပိန်း တို့မှလည်း အဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ဖော်ပြထားပါတယ်။
Loikaw PDF က “ကျူးလွန်ခံရသူကာယကံရှင်၏ တောင်းဆိုမှုကြောင့် ကာယကံရှင် မိန်းကလေးနှင့် မိသားစု၏ အရှက်နှင့် ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် အခြေအနေအချိန်အခါနှင့်သင့်လျော်သောသတင်းထုတ်ပြန်ချက်ကိုသာ ထုတ်ပြန်ကြေညာခြင်းဖြစ်ပါသည်” ဟု အသိပေးထားပါတယ်။
အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကား မှုပြုလုပ်ခဲ့တဲ့ မောက်ခမ်းဝါကို Burma Podcast Network၊ Artists’ Shelter၊24FM တို့ကလည်း ၎င်းနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အစီအစဉ်တွေကို ရပ်ဆိုင်းကြောင်း ဇွန် ၁၂ရက်က ကြေညာထားပါတယ်။
ဒါ့အပြင် Artists’ Shelter ကလည်း မောက်ခမ်းဝါ ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ The Unknown Infinity ရုပ်ရှင်ကို သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြသခြင်းအစီအစဉ်ဆက်လက်ပြသတော့မှာ မဟုတ်ကြောင်း မနေ့က ဇွန် ၁၂ ရက်မှာ အသိပေးထားပါတယ်။
ထို့အတူ မောက်ခမ်းဝါပါဝင်ခဲ့တဲ့ စကားမစပ် ရိုက်ကူးရေးအစီအစဉ်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပဒေသာပင် ပေ့ခ်ျကဘည်း အသိပေးထားပါတယ်။
မင်းသူကျော် (ခ) မောက်ခမ်းဝါက ၎င်းကျူးလွန်ခဲ့တဲ့ Sexual Harassment ကိစ္စကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် တောင်းပန်ထားပါတယ်။


