Home နိုင်ငံရေး PDF ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦး လွှတ်ပေးဖို့ တောင်းဆို

PDF ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦး လွှတ်ပေးဖို့ တောင်းဆို

by Homeland Author

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဓမ္မဖမ်းဆီးထားတဲ့ အမျိုးသမီး (၂) ဦးကို ချက်ချင်းလွှတ်ပေးဖို့ ရှိ/Shield အမျိုးသမီးအဖွဲ့က မနေ့က ဧပြီ ၂၈ ရက်မှာ တောင်းဆိုပါတယ်။

ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ တက်တူကျေးရွာမှာ တည်ရှိတဲ့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ ကိုယ်ပိုင်အမှတ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် (၃) ဦး နဲ့ အဆိုပါရဲဘော်တွေရဲ့ မိသားစုဝင် အမျိုးသမီး (၂) ဦးကို တက်တူကျေးရွာ နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ငွေကြေးလိမ်လည်မှုဟု စွပ်စွဲကာ ခိုင်လုံတဲ့ သက်သေအထောက်အထား ပြသခြင်းမရှိ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ဖမ်းဆီးခွင့်အမိန့်စာ (ဖမ်း၀ရမ်း) မပါဘဲ အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဧပြီလ ၂၀ ရက်မှာ တပ်ဖွဲ့ဝင် (၃) ဦးကို မိခင်တပ်ရင်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း တပ်ဖွဲ့ဝင်ရဲ့ မိခင် နဲ့ ဇနီးဖြစ်ကြတဲ့ အမျိုးသမီး (၂) ဦးကို ထိပ်တုံးခတ်၍ ဆက်လက်ချုပ်နှောင်ထားပြီး မိသားစုဝင်တွေ သို့မဟုတ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့် လုံးဝမပေးဘဲ ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဓမ္မဖမ်းဆီးခံထားရတဲ့ အမျိုးသမီး (၂) ဦးကို ကျန်းမာရေးနဲ့ လုံခြုံမှုအခြေအနေ အာမခံချက်ဖြင့် ချက်ချင်းလွှတ်ပေးဖို့၊ မိသားစုဝင်တွေနဲ့ တရားဝင်တာဝန်ရှိသူတွေကို အမြန်ဆုံး တွေ့ဆုံခွင့်ပြုဖို့၊ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က သိမ်းယူသွားခဲ့တဲ့ အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေသား သိန်း (၅၀) ကျော် နဲ့ ရွှေထည်ပစ္စည်းတွေကို ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ဖို့၊ ဖမ်းဆီးရတဲ့ အကြောင်းရင်း နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို ပွင့်လင်းမြင်သာစွာ ကြေညာဖို့ ရှိ/Shield အမျိုးသမီးအဖွဲ့က တောင်းဆိုထားပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်း (တတိယသဘောတူညီချက်) ရဲ့ စာပိုဒ် ၁၊ ၂ အရ အမျိုးသမီးတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့အညီ ဆက်ဆံရမယ်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ စာပိုဒ် ၇၅၊ ပရိုတိုကော (၁) မှာ ဖော်ပြထားတဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာ နဲ့ လုံခြုံရေးအာမခံချက်တွေကိုလည်း ထိပါးနေတယ်လို့ ဆိုပါတယ်။

ရှိ/Shield အဖွဲ့အနေနဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီး နဲ့ ကလေးတွေကို ဓားစာခံအဖြစ် အသုံးချတာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ သို့မဟုတ် တရားမဝင် ချုပ်နှောင်တာတွေကို အထူးရှုံ့ချတယ်လို့ ဖော်ပြပါတယ်။

ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အထက်ဖော်ပြပါ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် အမျိုးသမီး (၂) ဦးကို ချက်ချင်းလွတ်ပေးဖို့ နဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို လေးစားလိုက်နာဖို့ ရှိ/Shield အမျိုးသမီးအဖွဲ့က တိုက်တွန်းထားပါတယ်။

related posts

Leave a Comment