ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) ကို တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) က ထုတ်ပြန်ပါတယ်။
အိန္ဒိယအခြေစိုက် ZRA ဟာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက် မနက် ၆ နာရီမှ စတင်ပြီး တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
လက်ရှိကာလဟာ အင်အားပြင်းငလျင်ဒဏ်ကြောင့် နိုင်ငံအတွင်း ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ် ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေတဲ့ အချိန်ဖြစ်တာကြောင့် စစ်ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကို အခွင့်အရေးယူပြီး တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
CNF/CNA အမှတ် ၄ တပ်မဟာအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ လိုအပ်လာတာကြောင့် ZRA တပ်ဖွဲ့တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။
အလားတူ CDF-Hualngroam တပ်ဖွဲ့အနေနဲ့လည်း တွန်းဇံမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ ZRA ကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မိမိတို့အနေနဲ့ တွန်းဇံမြို့ကို ၂၀၂၄ ခုနှစ်၊ မေလအတွင်း မြို့သိမ်းတိုက်ပွဲကို မဟာမိတ်တော်လှန်ရေး တပ်ဖွဲ့တွေနဲ့အတူ ဖော်ဆောင်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုပါတယ်။
ချင်းပြည်နယ်အတွင်း ဇိုမီးတော်လှန်ရေးတပ်မတော်/အရှေ့ပိုင်းတိုင်း (ZRA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။
ZRA ဟာ ချင်းပြည်နယ်ရှိ တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကလေးမြို့နယ်၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသ နဲ့ မြန်မာ-အိန္ဒိယနယ်စပ် စတဲ့ ဒေသတွေမှာ အခြေပြုလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
CNF ကတော့ ထန်တလန်မြို့နယ်မှာ ဌာနချုပ်ထားရှိကာ ဟားခါး၊ တီးတိန်၊ မတူပီတို့မှာ လှုပ်ရှားလျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ချင်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပါတယ်။