လက်ရှိ မြန်မာပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ ငလျင်ဒဏ်သင့် လူထုကို ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိုက်ပွဲတွေ ယာယီအပစ်ရပ်ကာလကို နှစ်ဖက်သဘောတူညီမှုနဲ့ ရပ်ဆိုင်းထားကြဖို့ ရှမ်းနီအမျိုုးသားများ ညီညွတ်ရေးအစည်းအရုံး (SNUA) က တိုက်တွန်းထားပါတယ်။
ငလျင်လှုပ်ခတ်မှုအပြီးမှာ အသက်အိုးအိမ် နဲ့ ပတ်သက်၍ မလုံမခြုံခံစားနေကြရသလို ထိခိုက်ပျက်စီးခဲ့ရတဲ့ အိုးအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေအတွင်း ပိတ်မိနေတဲ့ လူထုကို ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နိုင်ဖို့ စစ်ကောင်စီ နဲ့ တော်လှန်ရေး လုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ငလျင်ဘေးဒဏ်သင့် လူထုကို စာနာသနားသောအားဖြင့် ယာယီအပစ်ရပ်ကာလကို နှစ်ဖက်သဘောတူညီမှုနဲ့ ရပ်ဆိုင်းထားကြဖို့ SNUA က ဆိုပါတယ်။
မနေ့က မတ်လ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းအတွင်း နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၇၀၀ နီးပါးရှိခဲ့ပြီး နေအိမ်အဆောက်အအုံ၊ လမ်း၊ တံတားပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ နဲ့ တော်လှန်ရေး လုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ငလျင်ဘေးဒဏ်သင့် လူထုကို စာနာသနားသောအားဖြင့် စစ်ရေးအရ အသာရလိုမှုသဘောမပါတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုကို နှစ်ဖက်အပြန်အလှန် အချိန်မီ ခွင့်ပြုကြဖို့ တိုက်တွန်းထားပါတယ်။
ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ငလျင်ဒဏ်သင့် လူထုအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လာက်ရောက်ဆောင်ရွက်ရာမှာ စစ်ကောင်စီ နဲ့ တော်လှန်ရေး လုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ အပြန်အလှန်ပူးပေါင်းပါဝင်ခွင့်၊ ကူညီဆောင်ရွက်ခွင့် ပြုကြဖို့ SNUA က ဆိုပါတယ်။

အခုလို အရေးပေါ်ကာလမှ ငလျင်ဘေးသင့်လူထုအတွက် ကျန်းမာရေးဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့ CDM နဲ့ Non-CDM ကျန်းမာရေးဝန်ထမ်းတွေ အပေါ် အရေးယူမှု လုံးဝမပြုဘဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဖိတ်ခေါ်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့သာ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြိုတင်ကန့်သတ်ခြင်း လုပ်ငန်းတွေကို မပြုဘဲ စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသအားလုံးမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပြုဖို့ SNUA က အကြုံပြု တိုက်တွန်းထားပါတယ်။
အလားတူ မြန်မာပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ ငလျင်ဘေးသင့် လူထုကို ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် ရှမ်းနီတိုင်းရင်းသား အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရှမ်းနီလူငယ်အဖွဲ့အစည်းတွေ၊ ရှမ်းနီ ရဟန်းသံဃာအဖွဲ့အစည်းတွေ၊ ရှမ်းနီနိုင်ငံရေးပါတီတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်နိုင်တဲ့ဘက်မှ ဝိုင်းဝန်းကူညီပေးဖို့လည်း တောင်းဆိုထားပါတယ်။
လက်ရှိမှာ ငလျင်ဘေးသင့် လူထုကို ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်လျက်ရှိနေသလို တရုတ်၊ ရုရှား နိုင်ငံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မြန်မာပြည်သို့ ရောက်ရှိနေပြီလို့ သိရပါတယ်။