စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF တို့ကြား နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
ဒီကနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မနက်ပိုင်းက နောင်ပူအောင် အနီးဝန်းကျင်မှာ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် အစောပိုင်းက သေနတ်သံတွေ ဆက်တိုက်ပဲ ကြားနေရတယ်၊ စစ်ရေးက တင်းမာနေတဲ့ အခြေအနေ ဖြစ်နေတာ၊ ဟိုဖက်က (KIA/PDF) လာလာ ချောင်းပစ်တဲ့ သဘောဖြစ်နေတာ” လို့ ပြောပါတယ်။
နှစ်ဖက်စစ်ရေး တင်းမာနေတာကြောင့် နောင်ပူအောင် ဒေသခံတွေဟာ ပင်းမခေါ်၊ သဖန်းကုန်း၊ မာလုံ၊ ဟဲခမ်း စတဲ့ ဥရုချောင်း တစ်ဖက်ကမ်းက ကျေးရွာတွေကို ပြောင်းရွေ့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “နောင်ပူအောင် ဒေသခံတွေတော့ တစ်ဖက်ကမ်းကို ကြိုတင်တိမ်းရှောင်နေကြတာတွေ ရှိတယ်၊ ရွာကြီးက တိတ်ဆိတ်လို့ပဲ” လို့ ပြောပါတယ်။
လက်ရှိ နောင်ပူအောင်စံပြကျေးရွာကို SNA က ထိန်းချုပ်ထားပြီး အနီးရှိ နားမော်ကျေးရွာကိုတော့ KIA/PDF တို့က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ ဟုမ္မလင်း၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ဖားကန့်၊ ဆယ်ဇင်းဒေသတွေရှိ SNA ထိန်းချုပ်ဒေသတွေကို ထိန်းစစ်ဆင် တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။