ကလေး – တမူးလမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်ဟာ လက်ရှိမှာတော့ လက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး-တမူး လမ်းကြောင်း တစ်လျှောက်ကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဇွန်လ ၇ ရက်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကလေးမြို့ဘက်မှ တက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ရာဇဂြိုဟ်ကျေးရွာနဲ့ ရာဇဂြိုဟ်ရေလှောင်တမံတစ်ဝိုက် သိမ်းပိုက်နိုင်ခဲ့သလို တမူးမြို့ဘက်မှ တက်လာတဲ့ စစ်ကြောင်းဟာလည်း ရန်လင်းပိုင်ကျေးရွာနဲ့အနီးတဝိုက်ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကလေးမြို့ဘက်မှ တက်လာတဲ့ အဲဒီ စစ်ကြောင်းဟာ ဇွန်လ ၁၅ ရက်မှာ ရန်မျိုးအောင်ကျေးရွာ၊ ဇွန်လ ၁၆ ရက်မှာ စော်ဘွားရေရှင်ကျေးရွာ နဲ့ ဇွန်လ ၁၇ ရက်မှာတော့ ကျွန်းတောရေရှင်ကျေးရွာတို့ကို ထပ်မံသိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ် စစ်ကြောင်းက ကလေး – တမူးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ်က အရှိန်မြှင့်ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
