တော်လှန်ရေးကို လူထု နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးတွဲတာဝန်ယူရမှာဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
ဒီနေ့ ၂၀၂၆ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၆၈) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့တဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။
“တော်လှန်ရေးအပေါ် ပြည်သူလူထုတို့အချို့က နားလည်မှုမရှိတာကြောင့် တော်လှန်ရေးဟာ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ပဲ သက်ဆိုင်တယ်ဆိုပြီး ဝင်ရောက်ကူညီတာဝန်ယူဖို့ ပျက်ကွက်မှုတွေ ရှိခဲ့တယ်။ တကယ်တော့ ရေနဲ့ငါးလိုနေထိုင်ပြီး တော်လှန်ရေးကို လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပူးတွဲတာဝန်ယူရမှာဖြစ်ပါတယ်။ တော်လှန်ရေးလုပ်တဲ့ သူတွေက နားမလည်၊ မလုပ်တတ်တဲ့အတွက် တော်လှန်ရေးတပ်နဲ့ လူထုကို သခင်နဲ့ကျွန်လို ပြုမူဆောင်ရွက်စေခဲ့ပါတယ်။ စော်ဘွားခေတ်က နည်းလမ်းများအတိုင်း လုပ်ဆောင်ခဲ့တယ်။ ထို့ကြောင့် တော်လှန်ရေး အဓွန့်ရှည်ရခြင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောပါတယ်။
အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေးနည်းလမ်းများပေါ် ဆောင်ရွက်တတ်ခြင်းမရှိ၊ ဗမာစစ်တပ်မုန်းတီးရေးစိတ်ဓာတ်တစ်မျိုးတည်းကို အခြေခံခြင်း၊ ဗမာတပ်အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်း တို့ကြောင့် တော်လှန်သက်ရှည်ကြာလာပြီး ပြဿနာအမျိုးမျိုး ကြုံတွေ့တဲ့အခါ မဖြေရှင်းတတ်တော့ဘူးလို့ ဆိုပါတယ်။
လုပ်ငန်းအရပ်ရပ်အတွက် ငွေလို၊ ငွေလိုတော့ ငွေရှာ၊ ငွေနဲ့ အာဏာရှိလာတဲ့အခါ မာန်ထောင်လွှားပြီး တောထဲမှာ သခင်လို မင်းမူနေတော့တယ်လို့ ပြောပါတယ်။
နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်း ရန်ဖြစ်ကြ၊ တိုက်ခိုက်ကြ၊ အမျိုးသားရေးကို အဓိကမထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိကထားလာကြကြောင်း၊ ကြာလာတော့ ဒေသစွဲ၊ သွေးကွဲ၊ ကိုယ့်ဂိုဏ်းကိုယ့်ဂဏန်းဖြစ်လာပြီး အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ အချင်းချင်း တိုက်ခိုက် ကြတာဟာလည်း တော်လှန်ရေးကို အဓွန့်ရှည်ကြာမြင့်စေတာ ဖြစ်တယ်လို့ ပြောပါတယ်။
မိမိတို့ တော်လှန်ရေးအဖွဲ့အများစုဟာ တော်လှန်ရေးနည်းပညာကို တတ်သိနားလည်မှုမရှိ၊ တော်လှန်ရေး မဟာဗျူဟာမရှိ၊ တော်လှန်ရေးနဲ့ ပတ်သက်လို့ ဘာမှသင်ကြားမရဘဲ ဗမာတပ်မုန်းတီးရေး စိတ်ဓာတ်အတွေးအခေါ်နဲ့သာ တိုက်ပွဲဝင်လာခြင်း၊ ရေရှည်တည်တံ့တဲ့ ရည်မှန်းချက်မရှိခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့လာတဲ့အခါဖြစ်စေ၊ ရန်သူက နိုင်ငံရေး၊ စည်းရုံးရေးမျက်လှည့်များနဲ့ ကစားလာတဲ့ အခါဖြစ်စေ တော်လှန်ရေး လုပ်တဲ့လူတွေဟာ ရန်သူထံ လက်နက်ချသွားတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
တော်လှန်ရေးဆိုတာ ခက်ခဲလွန်းခြင်း၊ စွန့်လွှတ်စွန့်စားရခြင်း၊ တိုင်းပြည်ကို အသက်၊ သွေး၊ ချွေးနဲ့ လဲလှယ်ယူခြင်းဖြစ်ပေမယ့် အမျိုးသားရေးရဲ့ အနာဂတ် နှစ်ပေါင်းရာထောင်ချီအတွက် မျှော်ကိုးပြီး တော်လှန်ရေးကို ဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အခြားနိုင်ငံတွေမှာ တော်လှန်ရေးအောင်ပွဲရရှိတာဟာ အဓိဋ္ဌာန်နဲ့ ရည်မှန်းချက်များ သေချာချမှတ်ပြီး တထပ်တအား လုပ်ဆောင်လာလို့ပဲဖြစ်ကြောင်း အဲဒီလိုလုပ်ဆောင်လို့ အောင်ပွဲရရှိခဲ့တဲ့ နိုင်ငံအများအပြားကိုလည်း တွေ့ရှိနိုင်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
ထို့ကြောင့် ဘိုးဘွားဘီဘင်တို့က အမွေပေးခဲ့တဲ့ တိုင်းပြည်အတွက် စိတ်ဓာတ်ခိုင်မာ ရဲရင့်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့အတွေးအခေါ်နဲ့ လုပ်နည်းလုပ်ဟန်များကို ပြင်ဆင်ကြဖို့ အမှားတွေကို သင်ခန်းစာအဖြစ် ယူတတ်ကြဖို့ လိုတယ်လို့ ပြောပါတယ်။
နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာများကို လေ့လာသင်ယူကြဖို့ တိုင်းပြည် အရေးကို အဓိကထားပြီး အချင်းချင်း ချစ်ခင်ညီညွတ်ကူညီပြုပြင်ကြဖို့ အချင်းချင်း အပြစ်မတင်ကြဖို့နဲ့ ပေးအပ်တဲ့ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင် မယ်ဆိုရင် မိမိတို့ တော်လှန်ရေးဟာ တစ်နေ့နေ့မှာ မုချမသွေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၁၀) နှစ်အကြာမှာ အဖက်ဖက်က နိုင်ငံရေးအခြေအနေ ရှုပ်ထွေးလာတာ၊ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ကိုကြည့်ပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်း သျှမ်းခေါင်းဆောင်တွေက အကဲခတ်သိမြင် လာကြပါတယ်။
သျှမ်းပြည်လွတ်လပ်ရေး၊ သျှမ်းပြည်အတွင်းမှ ဗမာစစ်တပ်အား တိုက်ထုတ်ရေး၊ အမျိုးသား တန်းတူရေးတို့အတွက် ရည်မှန်းပြီး ၁၉၅၈ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စုမှာ မျိုးချစ်လူငယ် (၃၁) ဦး၊ သေနတ် (၇) လက်နဲ့ စဝ်နွဲ့ (ခေါ်) စောယန်တ က ဦးဆောင်ပြီး “နွံစစ်ဟန်” အမည်ရှိ သျှမ်းတော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ “နွံစစ်ဟန်” ခေတ်ကစပြီး ယနေ့အထိ သျှမ်းတော်လှန်ရေးဟာလည်း ဆက်လက်တည်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။