ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ဆီအောကျေးရွာမှာ ဇူလိုင်လ ၃ ရက်နေ့က ရေကြီးမှုအရေးပေါ်အခြေအနေ ဖြစ်ပွားခဲ့ပြီး လယ်သမား မိသားစု ၃ ဦး ရေစီးကြောင်းနဲ့ မျောပါ၍ သေဆုံးသွားကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထုတ်ပြန်ပါတယ်။
မိုးသည်းထန်မှုကြောင့် ကျေးရွာအတွင်းရှိ လမ်းတွေမှာ ရေတွေ ပြည့်လျှံသွားခဲ့ပြီး ရေထုတ်စနစ် အရှိန်လွန်ကဲသွားကာ လမ်းတွေ ပိတ်ဆို့သွားခဲ့ကြောင်း ဇူလိုင်လ ၃ ရက် နေ့လည်ပိုင်းမှာ ကျေးရွာအပေါ်ဘက်ရှိ ရေလှောင်တမံတစ်ခုရဲ့ ခံနိုင်ဝန်စံချိန်ထက် ရေအလွန်များပြားလာမှုကြောင့် ရေလှောင်တမံကျိုးပျက်ပြီး ရေကြီးမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရေစီးကြောင်းတွေဟာ ဆီအောကျေးရွာရဲ့ လယ်ကွင်းတွေနဲ့ မြစ်ကမ်းဘေးလမ်းတွေ၊ အိမ်တွေကို ချက်ချင်းရေမြှုပ်သွားစေခဲ့ပြီး မြစ်ကမ်းနီးရှိ မြေနိမ့်တဲ့နေရာမှာ ရှိနေတဲ့ တဲအိမ်တစ်လုံး ပြိုကျခဲ့ကာ လယ်သမားဇနီးမောင်နှံ နဲ့ မြေးတို့ လွတ်မြောက်ဖို့ အချိန်မမီဘဲ ရေစီးမှာ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့တွေ ရေကြီးရာ နေရာသို့ ရောက်ရှိပြီး ရှာဖွေမှုလုပ်ဆောင်ခဲ့ပြီး ရေစီးကြောင်းနဲ့ မျောပါသွားတဲ့ လယ်သမား မိသားစု ၃ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး လောက်ကိုင်မြို့တော် ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
လောက်ကိုင်မြို့နယ်မှာ ရေကြီးမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကာ ဒေသခံတွေရဲ့ နေအိမ်တွေ၊ သီးနှံတွေ ပျက်စီးဆုံးရှုံးပြီး ဆီအောကျေးရွာပြည်သူတွေလည်း ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုတွေကြောင့် လောက်ကိုင်မြို့တော်အနီး နဲ့ အခြားခရိုင်တွေရှိ မြစ်ကမ်းနီးဒေသတွေမှာ ဘေးအန္တရာယ်ရှိနိုင်သေးတဲ့အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။


