စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ဓမ္မအေးရိပ် (စွယ်ကြာပေါ်ရွာ) ရှိ စစ်ဘေးသင့် စစ်ရှောင်ပြည်သူလူထုတွေကို ရှမ်းနီစစ်ရှောင်ကူညီစောင့်ရှောက်ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က ဇူလိုင် ၂၃ ရက်နေ့က စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘေးသင့် စစ်ရှောင်အိမ်ထောင်စု ၇၃ စု၊ လူဦးရေ စုစုပေါင်း ၃၅၄ ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ ငါးပိ၊ ငါးသေတ္တာဘူး၊ ကြက်သားဘူး စတာတွေ ပါဝင်တဲ့ ရိက္ခာ set တစ်ခုစီကို စစ်ရှောင်အိမ်ထောင်စုတွေထံ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ပုရစ်၊ ဖာနိုင်း၊ ရေလဲ၊ မြင်သာ၊ ငိုးပင်း၊ ဇီးပင်သာ၊ နောင်ဆန်းကျင်၊ မြိုင်သာ၊ တမူး၊ မင်းသာ၊ သနန် စသည့်ရပ်ရွာများမှ ဒေသခံပြည်သူလူထုတွေဟာ ဟုမ္မလင်းမြို့နယ်သို့ တိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့ ဝိုင်းဝန်းလှူဒါန်းထောက်ပံ့ပေးကြတဲ့ အလှူရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို စစ်ဘေးဒဏ်သင့်ပြည်သူတွေကိုယ်စား မိမိတို့ ရှမ်းနီစစ်ရှောင်ကူညီစောင့်ရှောက်ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) မှ အထူးပင်ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်အပ်ပါတယ်လို့ ဆိုပါတယ်။
ရှမ်းနီစစ်ရှောင်ကူညီစောင့်ရှောက်ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) ဟာ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမောက်မြို့နယ်၊ မင်းကုန်းကျေးရွာသို့ နေရပ်စွန့်ခွာ စစ်ရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၄၅ ဦးအတွက် ငွေကျပ် သိန်း ၅၀၊ စောင်အထည် ၆၀၊ မျက်နှာသုတ်ပဝါ အထည် ၃၈၀ တို့ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သွားရောက် လှူဒါန်းခဲ့ပါတယ်။
အလားတူ ဗန်းမောက်မြို့နယ်မှ ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့သို့ Grade-12 စာမေးပွဲ လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တာဝန်ကျဆရာ/ဆရာမတွေအတွက် စေတနာရှင်အလှူရှင်တွေက စုပေါင်းကာ ငွေကျပ် သိန်း ၂၀ ကျော်ကို ရှမ်းနီစစ်ရှောင်ကူညီစောင့်ရှောက်ရေးနှင့် လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီ၊ ကတူးစစ်ဘေးရှောင်နဲ့ မြစ်ကြီးနားရှိ ရှမ်းစစ်ဘေးရှောင် အများအပြား ရှိနေပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။


