Home » အရပ်သားတွေကို ပစ်သတ်တဲ့ KIA တပ်သားတွေကို အရေးယူဖို့ ပြော

အရပ်သားတွေကို ပစ်သတ်တဲ့ KIA တပ်သားတွေကို အရေးယူဖို့ ပြော

by Homeland Author

အင်းတော်ကြီး နဲ့ ဖားကန့်အကြားရှိ ညောင်ထောက်ဂိတ်အနီး ဝှေလုံရွာမှာ မနေ့က (ဇူလိုင်လ ၆ ရက်) ညပိုင်းက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တပ်သားတွေ မူးယစ်သောင်းကျန်း၍ သေနတ်နဲ့ ပစ်ခတ်တာကြောင့် အရပ်သားသေဆုံးသွားခဲ့ရပြီး ၎င်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့ည ၁၂ နာရီခန့်မှာ ဝှေခါ နဲ့ အင်းတော်ကြီးကြားရှိ ညောင်ထောက်ဂိတ်နဲ့ မလှမ်းမကမ်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရပ်ကွက်အတွင်းက ကလေးတစ်ယောက်ကို ရာမဆေးပြားသုံးစွဲလာတာ မဟုတ်လားဆိုကာ ခေါ်ယူ ရိုက်နှက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “ညောင်ထောက်ဂိတ်က KIA ရဲဘော်၂ ယောက်က ဘီယာသောက်နေတာ။ အဲချိန် ၁၂ နာရီထိုးခါနီးနေပြီ။ ရပ်ကွက်က ကလေးတစ်‌ယောက် ဆိုင်ကယ်နဲ့ တက်လာတာကိုတားပြီး ရာမရှူလာတာလားဆိုပြီး ရိုက်ပြီး ပြန်လွှတ်တယ်။ သူတို့ ထိုင်နေတဲ့ ဆိုင်က ဆိုင်ရှင် မုဆိုးမ သားအမိ ၂ ယောက်ပဲရှိတာ။ အဲဒီ ဆိုင်ရှင်ကို ခုနကလေးကို ပြန်ခေါ်ခိုင်းပြီး ဆိုင်ထဲမှာပဲ ရိုက်နှက်တယ်။ ရပ်ကွက်က ဥက္ကဌ နဲ့ ရပ်မိရပ်ဖတွေ လာတားပြီး စကားနဲ့ပဲ ဖြေရှင်းဖို့ ပြောကြဆွဲကြတားကြတယ်။ အဲဒါကို KIAရဲဘော်က မင်းတို့အုပ်ကြီးက ဘာအဆင့်ရှိလို့လဲ ပစ်သတ်လို့ရတယ်ဆိုပြီး ပြောတယ်။ ရပ်မိရပ်ဖဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် ဦးညွန့်မောင်ကို လက်သီး နဲ့ စထိုးခဲ့တာ”လို့ ပြောပါတယ်။

ရပ်ကွက်ဥက္ကဌ ကိုအိုက်နှောင်း(သေဆုံး)၊ ဒေါ်ချိုချိုဦး(သေဆုံး)နဲ့ ဆိုင်ရှင်အမျိုးသမီးအပါအဝင် ရပ်မိရပ်ဖတွေက လူကြီးတစ်ယောက်ကို အခုလို လက်ပါသည်အထိကျုးလွန်တာကို တားမရတာကြောင့် ညောင်ထောက်ဂိတ်က သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ သူတို့ ရဲဘော်တွေကို လာထိန်းပေးဖို့ အကြောင်းစေခဲ့တယ်လို့ ဆိုပါတယ်။

“ဂိတ်ကို အကြောင်းကြားဖို့ ဒေသခံတချို့က ဆိုင်ကယ်နဲ့အထွက် သတ္တိရှိရင် သွားရဲသွားကြည့်ဆိုပြီး ပစ်တာ။ တစ်‌ယောက်က လက်ထိသွားတယ်။ သွားအကြောင်းကြားမယ့် လူတွေကို ပစ်ပြီး ဒီဘက်ပြန်လှည့်ပစ်တော့ ရပ်ကွက်ဥက္ကဌ ကိုအိုက်နှောင်း(သေဆုံး) နဲ့ ဒေါ်ချိုချိုဦး(သေဆုံး)ကို ထိသွားတာ။ အထိုးခံရတဲ့ ဦးညွန့်မောင်လည်း ကျောမှာ နှစ်ချက်ထိတယ်”လို့ အဆိုပါ ဒေသခံက ဆက်ပြောပြပါတယ်။

သေနတ်ဖြင့် ပစ်ခတ်မှုမှာ အချက်ရေ စုစုပေါင်း ၁၃ ချက်ခန့်ရှိပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်ချိုချိုဦးမှာ နေရာတွင် သေဆုံးခဲ့သလို ရပ်ကွက်ဥက္ကဌ ကိုအိုက်နှောင်းမှာလည်း ဒဏ်ရာတွေနဲ့ လဲကျနေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါက KIA တပ်သား နှစ်ဦးဟာ သေနတ်ဖြင့် စောင့်‌နေတာကြောင့် ဒေသခံတွေဟာ အလောင်းမကောက်ရဲပဲ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး မိနစ် ၂၀ အကြာမှာတော့ အဆိုပါ ကျူးလွန်သူ KIA ရဲဘော်မှာ မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်၍အဆုံး-စီရင်သွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

အဆိုပါ မူးယစ်သောင်းကျန်းသူတွေဟာ KIA တပ်မဟာ (၉) တပ်ရင်း ၂၆ အပိုင်နယ်မြေမှ ရဲဘော်တွေဖြစ်ပြီး ၎င်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန် KIA ဘက်မှ ထုတ်ပြန်ချက်တစုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

related posts

Leave a Comment