Home » ပြည်တွင်းပဋိပက္ခဖြေရှင်းရေးမှာ ပင်လုံစာချုပ်ကို ဖယ်ကြဉ်၍ မရဟု RCSS ပြော

ပြည်တွင်းပဋိပက္ခဖြေရှင်းရေးမှာ ပင်လုံစာချုပ်ကို ဖယ်ကြဉ်၍ မရဟု RCSS ပြော

by Homeland Author

လက်ရှိ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းရေး ဆောင်ရွက်ရာမှာ ပင်လုံစာချုပ် သဘောတူညီချက်တွေကို ဖယ်ကြဉ်ထားလို့ မရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပြောပါတယ်။

RCSS/SSA နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ စက်တင်ဘာ ၁၅ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

၁၉၄၇ ပင်လုံစာချုပ်ဟာ လက်ရှိပြည်ထောင်စုရဲ့ အုတ်မြစ်ဖြစ်လို့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခြင်းနဲ့ ပြည်တွင်းပဋိပက္ခ ဖြေရှင်းရေး ဆောင်ရွက်ရာမှာ ပင်လုံစာချုပ် သဘောတူညီချက်များ ကို ဖယ်ကြဉ်ထားလို့ မရနိုင်ကြောင်း RCSS က ပြောပါတယ်။

RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရာမှာ ယုံကြည်မှုဟာ အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူတွေ နေရပ်ပြန်လာစေရေးနဲ့ ပြည်လည်ထူထောင်ရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေကြောင်း၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

အလားတူ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ ပြည်သူတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ နှစ်ဖက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ယုံကြည်မှုပြန်လည်တည်ဆောက်ရေး ဆိုင်ရာကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS/SSA မှ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်ကြတဲ့ စဝ်အောင်တိန်း၊ စဝ်လံတိုင်း၊ ဗဟိုဦးစီး ကော်မတီဝင်တွေဖြစ်ကြတဲ့ စဝ်စိုင်းဟန်၊ စဝ်ယွက်ခမ်း၊ စဝ်စိုင်းလျဲန်း၊ နန်းမိုးမိုးစော နဲ့ ဗဟိုကော်မတီဝင် နန်းဟန်လောဝ်တို့ တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဘက်ကတော့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေး ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment