စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပကဖ ၁၄ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ဇာနည်ဆု ချီးမြှင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်အပ်နှင်းခံရသူတွေအနက် ပြည်သူ့ဇာနည်ဆု ရရှိသူ ၃၀၀ ဦး စာရင်းကို NUG က ထပ်မံထုတ်ပြန်ကြေညာခဲ့ရာမှာ ကျဆုံးပြီးဖြစ်တဲ့ ဟုမ္မလင်းမြို့နယ် ပကဖ ၁၄ ဦးလည်း ပါဝင်ခဲ့ပါတယ်။
အလားတူ ဗန်းမောက်မြို့နယ် ပကဖ ၉ ဦး၊ တမူးမြို့နယ် ပကဖ ၆ ဦး၊ ပင်လည်ဘူးမြို့နယ် ပကဖ ၁၂ ဦးတို့လည်း ပြည်သူ့ဇာနည်ဆု ချီးမြှင့်ခံရပါတယ်။
တော်လှန်ရေးမှာ စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော် ၂,၀၀၀ နီးပါးကို NUG က စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ချီးမြှင့်ခဲ့တယ်လို့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နဲ့ တံဆိပ် ချီးမြှင့်ပွဲ တွေ့ရစဉ်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနဲ့ ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာ၊ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကို ချီးမြှင့်တာလို့ ဆိုပါတယ်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း ၁,၇၉၂ ဦးအထိ ရှိပြီး PDF မှ ၁,၄၄၂ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) မှ ၃၂၄ ဦးနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေမှ ၂၆ ဦးတို့ ပါဝင်ပါတယ်။ ဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခံရသူတွေထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု ၄၅ ဖွဲ့ ပါဝင်တယ်လို့ သိရပါတယ်။
NUG က ပြည်သူ့ဇာနည်ဆု၊ ပြည်သူ့သားကောင်းဆုနဲ့ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် ရရှိသူတွေရဲ့ စာရင်းကိုလည်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း NUG လက်အောက်ခံ PDF တွေနဲ့ စစ်တပ်တို့အကြား နိုင်ငံအနှံ့အပြားမှာ နှစ်ဖက်စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။