ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတယ်လို့ Justice For Myanmar က ဒီနေ့ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဆက်သွယ်ရေး အော်ပရေတာဖြစ်တဲ့ Mytel ဟာ စစ်တပ်အတွက် အကျိုးအမြတ်များစွာ ရရှိစေတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပြီး၊ ၎င်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။
ဖီဖာဟာ အခုတစ် ကြိမ်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်းတို့ကို ထပ်မံပြသလိုက်ခြင်းဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
မြန်မာစစ်တပ်၏ ရှယ်ယာပိုင်ဆိုင်မှုတွေဟာ Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ပဉ္စမနှစ်မှ နဝမနှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်ပြီး၊ အဲဒီနောက်ပိုင်း ငါးနှစ်အတွင်းတွင် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်တပ်အတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုများ ပြုလုပ်နေခြင်းကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားပါတယ်။
ဒါ့အပြင် ၎င်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
ဖီဖာဟာ စစ်တပ်ခရိုနီနဲ့ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို ၎င်းတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့တဲ့ အဓိပ္ပာယ်မဲ့ပြီး မနှစ်မြို့ဖွယ် ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီးနောက်ပိုင်း အခုကဲ့သို့ Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာခြင်းလည်း ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
ဖီဖာအနေဖြင့် မြန်မာစစ်တပ်၊ ၎င်းတို့ခရိုနီတွေ နဲ့ ပူးပေါင်းဆက်ဆံနေမှုတွေကို ရပ်တန့်ရမည်ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေ နဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ရမယ်လို့လည်း Justice For Myanmar က ဆိုပါတယ်။