Home » ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုဟု ကူကီး ပြော

ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးလိုဟု ကူကီး ပြော

by Homeland Author

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ/ ကူကီးပြည်သူ့စည်းလုံးညီညွတ်ရေးတပ်မတော် (UKSC/UKSA) က ရှမ်းနီနဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ကတိကဝတ်ပြုတယ်လို့ ဒီနေ့ ဇွန်လ ၇ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။

ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ အနေဖြင့် အကြမ်းဖက်မှုတွေကို မလိုလားသည်နဲ့အညီ ပဋိပက္ခတွေကို နိုင်ငံရေးစကားဝိုင်းမှတဆင့် ‌ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိတယ်လို့ ဆိုပါတယ်။

“နိုင်ငံတော်အစိုးရ၊ ရှမ်းနီ၊ နာဂနှင့် အခြားတိုင်းရင်းသား အင်အားစုများနှင့်အတူ ချစ်ခင်ရင်းနှီးမှု၊ မိတ်ဆွေဖြစ်မှုတို့ကို အခြေခံ၍ ပွင့်လင်းစွာ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းသွားရန် ကတိကဝတ်ပြုပါတယ်” လို့ ဆိုပါတယ်။

လက်ရှိ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်တွေဟာ ကိုလိုနီခေတ်ရဲ့ အမွေဆိုးတွေသာဖြစ်ကြောင်း၊ ကူကီးလူမျိုးတို့ရဲ့ မူလပိုင်ဆိုင်မှုသမိုင်းကြောင်းကို နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေအားလုံးက သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ထား အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကူကီးလူမျိုးတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒေဘောင်အတွင်းမှ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင်ခွင့် ရရှိရေးလုပ်ငန်းစဉ်တွေကို ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့အတွင်း လုံခြုံရေးတာဝန်ယူနေတဲ့ SNA တပ်ဖွဲ့များကို တွေ့ရစဉ်

ကူကီးပြည်သူ့စည်းလုံးညီညွတ်ရေးကောင်စီ (UKSC) ရဲ့ ရပ်တည်ချက်ဟာ အိမ်နီးချင်း ရှမ်းနီ၊ နာဂနဲ့ အခြားသော တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပဋိပက္ခတွေ မဖြစ်စေဖို့ “အပြန်အလှန် အသိမှတ်ပြုရေး” မူဝါဒကို အခြေခံလျက်၊ တစ်ဦးရဲ့ အခွင့်အရေးကို တစ်ဦးက လေးစားခြင်းဖြင့် ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာအတူတကွနေထိုင်သွားဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးစုတွေအကြား နယ်မြေပိုင်နက်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ တစ်ဖက်သတ်ဆုံးဖြတ်ခြင်းထက် ဆက်စပ်ပတ်သက်သူအားလုံးပါဝင်နိုင်သော စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ မျက်နှာချင်းဆိုင်အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ တွေ့ဆုံချိန် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားတွေ နေထိုင်မှုနဲ့ ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေးကိစ္စရပ်တွေလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ကူကီးနယ်မြေအစိတ်အပိုင်းတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် သမိုင်းကြောင်းအရလည်းကောင်း၊ တရားမျှတမှုအရလည်းကောင်း ပြန်လည်သုံးသပ်ပြီး ဆွေးနွေးပွဲစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ အတူတကွညှိနှိုင်းဖြေရှင်းသွားဖို့ UKSC အနေဖြင့် လေးလေးနက်နက် တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ဇွန်လ ၄ ရက်ဆွေးနွေးပွဲမှာ ဟုမ္မလင်း၊ ခန္တီး၊ ကလေး နဲ့ တမူးဒေသတွေလည်း ပါဝင်ဆွေးနွေးခဲ့တာကြောင့် အဲဒီသဘောထားကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် လူမျိုးစုတွေအကြား နယ်မြေပိုင်နက်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ တစ်ဖက်သတ်ဆုံးဖြတ်ခြင်းထက် ဆက်စပ်ပတ်သက်သူအားလုံးပါဝင်နိုင်သော စားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာ မျက်နှာချင်းဆိုင်အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

ရှမ်းနီတိုင်းရင်းသားများအားတွေ့ရစဉ်

ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည် အထက်ပိုင်း ဟုမ္မလင်း၊ သောင်သွပ်၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့် စတဲ့ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတဲ့အခါမှာ ရှမ်းနီပြည်သူတွေဟာ ၎င်းတို့ရဲ့ သမိုင်းဝင်နယ်မြေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် သီးခြားပြည်နယ်အဖြစ် မရရှိခဲ့ဘဲ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) ထဲကို ခွဲခြမ်းပြီး သွတ်သွင်းခြင်း ခံခဲ့ရတယ်လို့ ရှမ်းနီတွေက ပြောပါတယ်။

အဆိုပါ ဒေသတွေကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ရှမ်းနီနိုင်ငံရေးပါတီတွေ နဲ့ ရှမ်းနီပြည်သူလူထုတို့က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment