သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ အဖွဲ့ကို စစ်တပ်က တိုက်လေယာဉ်တစင်းနဲ့ အနီးကပ်ပျံသန်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ RCSS ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။
၂၀၂၆ ခုနှစ် မေလ ၂၇ ရက် မနက် ၁၀ နာရီအချိန်မှာ ဒေသခံပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု ဝမ့်နန်းကျေးရွာမှာ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဟာ မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာတွင် စေတီထီးတော်တင် ပွဲပြုလုပ်အပြီး ထိန်းချုပ်နယ်မြေဒေသတွေအတွင်းရှိ ဒေသခံပြည်သူလူထုတွေ နဲ့ တွေ့ဆုံဖို့အတွက် ခိုလမ်မြို့နယ်၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ့်နန်းကျေးရွာသို့ မေလ ၂၆ ရက်နေ့က ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။
မေလ ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နမ့်စန်လေတပ်ကလို့ ယူဆရတဲ့ စစ်တပ်တိုက်လေယာဉ်တစင်းဟာ အဲဒီ ဝမ့်နန်းရွာအနီးသို့ ခြောက်ကြိမ်တိုင်တိုင် အနီးကပ်ပျံသန်းမှု ပြုလုပ်သွားခဲ့တာလို့ ဆိုပါတယ်။
အစပိုင်းမှာ ဝမ့်နန်းကျေးရွာအထက်ဝေဟင်မှ ခပ်လှမ်းလှမ်းလှည့်ပတ်ပျံသန်းသော်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းအနီးကပ်ချဉ်းကပ်ပျံသန်းကာ ခြိမ်းခြောက်မှုလက္ခဏာတွေကို ပြသသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က လေ့ကျင့်ပျံသန်းမှုဟု ပြန်လည်ချေပပြောဆိုချက်တွေကြားသိရသော်လည်း လက်တွေ့မှာ လေ့ကျင့်ပျံသန်းမှု ပုံသဏ္ဍာန်လုံးဝမရှိပဲ တမင်သက်သက်ခြိမ်းခြောက်မှုကိုပြသတဲ့ စော်ကားပျံသန်းမှု တရပ်မျှသာဖြစ်တယ်လို့ မျက်မြင်တွေက ပြောဆိုကြတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဟာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ထောက်ရှု၍လည်းကောင်း၊ အခုခရီးစဉ်မှာ မိမိတို့ အုပ်ချုပ်ရေးနယ်မြေတွင်း ဒေသခံတိုင်းရင်းသားပြည်သူတွေကို တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်သာဖြစ်တဲ့အတွက် ဘယ်စစ်ရေးပြင်ဆင်ချက်မျှ ပြုလုပ်မထားခြင်းတို့ကြောင့် စစ်တပ်ရဲ့ ခြိမ်းခြောက်မှုကို တစုံတရာတုန့်ပြန်ခဲ့ခြင်းမရှိကြောင်း Tai Freedom ကို ပြောကြားခဲ့ပါတယ်။
ဦးမင်းအောင်လှိုင် က ရက် (၁၀၀) ငြိမ်းချမ်းရေးစီမံချက်ကို တရား ဝင်ကမ်းလှမ်းထားသော်လည်း အခုလို ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကြောင့် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်နားလည်မှုတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ဖြည့်စွက်ပြောဆိုသွားပါတယ်။


