စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ စနစ်ပြောင်း ခေတ်ပြောင်းလူထုနွေဦးတော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ဆင်နွှဲသွားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ထုတ်ပြန်ပြောဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ်ပေါ်ထွန်းရေး ရည်မှန်းချက်ကိုလည်း မြဲမြံစွာ ဆုတ်ကိုင်ပြီး ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူထူကို ရန်သူသတ်မှတ် အနိုင်ကျင့် ဗိုလ်ကျနေတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သွားမယ်လို့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ PNLA ရဲ့ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ထို့အတူ တော်လှန်ရေးတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ပြီး ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးမှာ ပွင့်လင်းတက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတဘ်။
တော်လှန်ရေးအောင်မြင်ဖို့ တော်လှန်ရေးအင်အားစုတွေ တစ်ဖွဲ့ထဲ မဟုတ်ရင်တောင် တပ်ပေါင်းစုပုံစံဖြစ်အောင် ချိတ်ဆက်မှုမျိုး လိုအပ်တယ်လို့ PNLA/PNLO မှ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။
“တော်လှန်ရေးတစ်ခုလုံး အောင်မြင်ဖို့ဆိုတာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံး တစုတစည်းတည်း တစ်ဖွဲ့တည်းမဟုတ်ရင်တောင်မှ ခိုင်မာကျယ်ပြန့် ချိတ်ဆက်မှုကောင်းတဲ့ တပ်ပေါင်းစုပုံစံဖြစ်ဖြစ် အခြားသော အချိတ်အဆက်မှုပုံစံ တစ်ခုဖြစ်ဖြစ် ပေါ့လေ၊ ဒီတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ခေါင်းဆောင်မှုမျိုး၊ အနေအထားမျိုး အဲဒီအနေအထားမျိုးကို ကျနော်တို့ မျှော်လင့်တာ ဖြစ်တယ်။ အဲဒီပုံစံမျိုး ဖြစ်ပေါ်လာဖို့လည်း ကျနော်တို့ ကြိုးပမ်းတာ ရှိတယ်။ ဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အလားတူ စစ်အုပ်စုက ပြုလုပ်မယ့် NCA အမည်ခံ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သတိကြီးစွာ ရှောင်ရှားပြီး NCA အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကမ္ဘ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးအစိုးရတွေအပါအဝင် နိုင်ငံတကာ မိသားစုတွေနဲ့အတူ ပူးပေါင်းဆန့်ကျင်တိုက်ပွဲဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံပြည်သူလူထုတစ်ရပ်လုံးအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေ ရရှိရေး၊ တော်လှန်ရေးအထောက်အကူပြု အကူအညီတွေရရှိရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) တို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။