စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ မြို့နယ် နဲ့ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေးရဲဘော်တွေအနေနဲ့ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဗန်းမောက်မြို့နယ်မှ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေး PDF တွေအနေဖြင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေ ဒီနေ့အချိန်အထိ တာဝန်ဆောင်နေတဲ့ ရဲဘော်တွေကို စာနာထောက်ထားစေလိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေး၍ တာဝန်နဲ့ ကင်းကွာနေရတဲ့ အကြောင်းအရင်းတွေကို စုပေါင်းဖြေရှင်းကြကာ ဗန်းမောက်မြို့နယ် (သို့မဟုတ်) တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သို့ တာဝန်ပြန်လည်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်တယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလ (၁၇) ရက်နေ့က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၆၁၄) ထံ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လက်အောက်ခံတပ် ဗန်းမောက် – PDF မှ ဒုတပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး လက်နက်ခဲယမ်းတွေ ယူဆောင်၍ ဆက်သွယ်အလင်းဝင်လာခဲ့ကြောင်း SNA မှ တာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ပြန်ပြောကြားထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ (၂၃) ရက်နေ့ကလည်း ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာမှာ KIA/PDF တပ်ဖွဲ့ဝင် ၃ ဦး SNA ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ KIA/PDF ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။