Home နိုင်ငံရေး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ခြင်းက နိုင်ငံပြိုကွဲမှုကို ဦးတည်စေဟု NLD ပြော

ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ခြင်းက နိုင်ငံပြိုကွဲမှုကို ဦးတည်စေဟု NLD ပြော

by Homeland Author

စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာဟာ မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေကိုသာ တိုးပွားလာစေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ဒါကြောင့် အဆိုပါ ရွေးကောက်ပွဲကို NLD အနေဖြင့် လက်ခံ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုချက်မှာ ဖော်ပြပါတယ်။

NLD က ” အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပရန် ပြင်ဆင်နေခြင်းသည် မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်” လို့ ပြောပါတယ်။

စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုတာဟာ လက်နက်ကိုင်စစ်တပ်တွေက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရတွေကို ဖြုတ်ချနိုင်တယ်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချနိုင်တယ်၊ အနိုင်ရပါတီတွေကို ဖျက်သိမ်းနိုင်တယ် ဆိုသည့် သတင်းစကားပေးခြင်း ဖြစ်သွားနိုင်ကြောင်း အခုလို ထောက်ခံလိုက်ပါက ပြည်သူလူထုရဲ့ ဆန္ဒကို ပစ်ပယ်လိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာ ခေါင်းဆောင်တွေ နဲ့ အစိုးရတွေအနေဖြင့် မြန်မာပြည်သူတို့ရဲ့ ဆန္ဒအမှန်ကို လေးစားအသိအမှတ်ပြုပါဖို့၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နည်းပညာအထောက်အပံ့ နဲ့ ငွေကြေး ဆိုင်ရာအကူအညီတွေ ပေးအပ်ခြင်းမပြုဖို့ NLD က တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလေ့လာသူတွေကို စေလွှတ်ခြင်း မပြုဖို့၊ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်း၊ နိုင်ငံတကာက အသိအမှတ် မပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ အဆိုပါ တရားမဝင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မပြုပါဖို့ ဆိုပါတယ်။

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာမယ့် အဖွဲ့သစ် နဲ့ ပူးပေါင်းဆောင်ရွက် ခြင်းမပြုပါဖို့ ထောက်ပံ့ကူညီမှုတွေ မပေးဖို့ နဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထား ရှိဖို့ NLD က တောင်းဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး လွတ်မြောက်ရေးဆောင်ရွက်ပေးဖို့လည်း နိုင်ငံတကာ ခေါင်းဆောင်တွေ နဲ့ အစိုးရတွေကို တောင်းဆိုထားပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်က ဦးဆောင်၍ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

related posts

Leave a Comment