ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်း နဲ့ လုံခြုံရေး စောင့်ရှောင်ခ ရယူခြင်း မရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ငြင်းဆိုထားပါတယ်။
စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ မီဒီယာအချို့က KNU ဟာ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်း နဲ့ လုံခြုံရေး စောင့်ရှောင်ခ ရယူတယ်လို့ စွပ်စွဲပြောဆိုမှု အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုတယ်လို့ ဒီနေ့ အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က စွပ်စွဲထားတဲ့ ဧက (၁၀၀) မြေကွက် (Trans – Asia International Holding Group (Thailand) Co. Ltd ကုမ္ပဏီ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို မုလအိအလင်း ကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်း နှုတ်ထွက်ခဲ့ပြီး ဖြစ်တယ်) နဲ့ KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့ ဧက (၅၀၀) ရှိတဲ့ မြေကွက်တို့မှာ သီးခြားစီဖြစ်ပြီး မြေကွက် တစ်ခု နဲ့ တစ်ခု (၃) ကီလိုမီတာအကွာ တည်ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် KK Park အွန်လိုင်း ငွေလိမ်လုပ်ငန်းဟာ KNU နဲ့ လုံးဝ မသက်ဆိုင်ဘဲ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ စွပ်စွဲချက်ကို KNU အနေနဲ့ ပြတ်ပြတ်သားသားငြင်းဆိုတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှ နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးအရ အကျိုးအမြတ်ရရှိနေမှုကို ဖုံးကွယ်လိုတဲ့အတွက် KNU ကို စွပ်စွဲပြီး မဟုတ်မမှန်တဲ သတင်းအမှားဖြန့်ချိမှုသာဖြစ်တဲ့အတွက် KNU အနေဖြင့် ငြင်းပယ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်ငွေလိမ်လုပ်ငန်းဖြင့် နာမည်ဆိုးနေတဲ့ KK Park ကို တရားမဝင်လုပ်ငန်းတွေ မရှိစေရေးအတွက် နယ်မြေစိုးမိုးမှုလုပ်ဆောင်တဲ့အနေဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့ပါတယ်။