Home နိုင်ငံရေး ပအိုဝ်း နဲ့ အင်းသားတို့အကြား လူမျိုး‌ရေးဖြစ်ဖို့ ဖန်တီးမှု သတိထားရန် PNFC တိုက်တွန်း

ပအိုဝ်း နဲ့ အင်းသားတို့အကြား လူမျိုး‌ရေးဖြစ်ဖို့ ဖန်တီးမှု သတိထားရန် PNFC တိုက်တွန်း

by Homeland Author

လက်ရှိအချိန်မှာ ပအိုဝ်း နဲ့ အင်းသားတို့အကြား လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပေါ်စေရေးအတွက် လှုံ့ဆော်ဖန်တီးနေကြတာကို သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက်ကြဖို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က တိုက်တွန်းလိုက်ပါတယ်။

တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၀ နှစ်မြောက် အင်းသားအမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာ ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။

ပအိုဝ်း နဲ့ အင်းသားတို့အကြား ဒေသတွင်းပဋိပက္ခတွေ ဖြစ်ပေါ်လာစေရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာစေရေးအတွက် စစ်အာဏာရှင်တွေ နဲ့ လက်ကိုင်တုတ်တွေက မဖြစ်ဖြစ်အောင် အပြင်းအထန် လှုံဆော်ဖန်တီးနေကြတာကို ရှောင်ရှားရုန်းထွက်ကြဖို့ ပအိုဝ်းပြည်သူတွေ နဲ့ အင်းသားပြည်သူတွေကို တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ပအိုဝ်း နဲ့ အင်းသားတို့ဟာ အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ သမိုင်းကောင်း ရှိသူတွေ ဖြစ်ကြကြောင်း၊ ပင်လုံစာချုပ်ကို ချုပ်ဆိုဖို့ ခက်ခက်ခဲခဲ ဖြစ်နေချိန်မှာ ပြည်ထောင်စုကြီးကို ရဲရဲထူထောင်ကြဖို့ ပင်လုံမြေသို့ သွားရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးမှ ပါဝင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မတရားသော စနစ်ဆိုးတွေကို အတူတကွ တော်လှန်တိုက်ဖျက်ခဲ့ကြသူတွေဖြစ်ပြီး ပဒေသရာဇ်စနစ်ဆိုးကို အတူတကွ ဆန့်ကျင်တော်လှန်ခဲ့ကြသကဲ့သို့ပင် စစ်အာဏာရှင်စနစ်ဆိုးကိုလည်း အတူတကွ ဆက်လက်တွန်းလှန်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအရေးဟာ ပအိုဝ်း နဲ့ အင်းသားတို့ရဲ့ အရေးဖြစ်သကဲ့သို့ ပအိုဝ်း နဲ့ အင်းသားတို့ရဲ့ အရေးဟာလည်း ပြည်ထောင်စုအရေးဖြစ်တယ်ဟု ခံယူချက် တူညီကြသူတွေလို့ PNFC က ပြောပါတယ်။

ဒါ့အပြင် တက်ကြွနိုးကြားတဲ့ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့အပါအဝင် အင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ စုပေါင်း၍ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ အင်းသားနိုင်ငံရေး ကိုယ်စားပြု ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးဟာ အင်းသားတော်လှန်ရေးနဲ့အတူ လူထုနွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက် တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဦးဆောင်မှုကို စုပေါင်းဖော်ဆောင်ကြရာမှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အနေဖြင့် မိမိတို့ တတ်စွမ်းသမျှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment