Home နိုင်ငံရေး ရွေးကောက်ပွဲက နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး လမ်းစလား

ရွေးကောက်ပွဲက နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး လမ်းစလား

by Homeland Author

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ဖြေရှင်းနိုင်ရေး လမ်းစလား ဆိုတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ မတူညီတဲ့ အမြင်တွေ ရှိနေကြပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအတွက် ဖြေရှင်းနည်း လမ်းစဟု ပြောဆို၍ မရဘူးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။

လက်ရှိ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ အနေအထားမျိုး မရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနည်း လမ်းစ မဟုတ်ဘူးလို့ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

“မရနိုင်ပါဘူးဗျ။ မရဘူးဆိုတာက သူကတော့ ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာ ကျနော်တို့ မသိဘူး။ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင် ၁ ရက်ပဲ ပြီးသွားတာပဲလေ။ ခုကျတော့ နေရာလေး ကွက်ကွက်လေး ၁ နေရာလောက် လုပ်ပြီးတော့ နောက်တစ်ကြိမ် လုပ်မယ်။ အဲဒီလိုကာလတွေနဲ့ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတဲ့ အနေအထားမျိုး ဘယ်လိုဖန်တီးကြမလဲ” လို့ ပြောပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၁) အနေနဲ့ မြို့နယ် ၁၀၂ မြို့ နယ်မှာ ကျင်းပမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ မြို့နယ် ၁၀၀ မြို့နယ်မှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တည့်မတ်ပေးမယ့် လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။

“ဒီရွေးကောက်ပွဲက သိပ်အရေးကြီးတာပေါ့။ ဒါ လမ်းစပါပဲ။ ဒါမပါဘဲနဲ့ ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းကို ဘယ်လိုမှ ပြန်တည့်လို့ မရဘူးလေ။ ဒါက အားလုံးရဲ့ အဖြေတော့ မဟုတ်ဘူး။ ဒါပေမယ့် အဓိကကျပြီး လုပ်ဆောင်ချက်ပဲ။ ရှေ့သို့တစ်လှမ်းပေါ့နော် အဲဒီလိုပြောလို့ရတယ်” လို့ ပြောပါတယ်။

စစ်ကော်မရှင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ တချို့သော မြို့နယ်တွေမှာပါ ရွေးကောက်ပွဲကို ကျင်းပမယ့်လို့ ကြေညာထားပြီး အဲဒီမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ နဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ ရွေးကောက်ပွဲကို အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းအပါအဝင် နိုင်ငံတကာအချို့နဲ့ အာဆီယံနိုင်ငံအချို့က ထောက်ခံကြိုဆိုကြပြီး ပံ့ပိုးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချရတဲ့ရလဒ် မထွက်နိုင်တာကြောင့် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို စေလွှတ်ဖို့ အစီအစဉ်မရှိ​ဘူးလို့လည်း ဥရောပသမဂ္ဂက ပြောကြားထားပါတယ်။

related posts

Leave a Comment