တအာင်းတပ် (TNLA) ဟာ ကြွက်မနိုင် ကျီမီးရှို့ ဆိုတဲ့ရန်လိုမှု အသုံးအနှုန်းဖြင့် ပြောဆိုနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က မနေ့က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
စစ်တပ်နဲ့ TNLA တို့ ဖြစ်ပွားတဲ့ ကျောက်မဲ၊ သီပေါ တိုက်ပွဲတွေမှာ TNLA အရေးနိမ့်မှု၊ မြို့တွေ လက်လွှတ်ဆုံးရှုံးရမှုဟာ SSPP က စစ်တပ်ကို ကူညီပေးမှု၊ လမ်းကြောင်းဖွင့်ပေးမှုကြောင့် ဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မီဒီယာအင်တာဗျူးတွေမှာ စွပ်စွဲပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စွပ်စွဲပြောကြားမှုတွေဟာ SSPP အပေါ် လူထု နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့အပြင် SSPP ကို နိုင်ငံရေးအရ ထိုးနှက်လိုမှု၊ လူထုတွေအကြား စည်းရုံးရေးကျဆင်းစေလိုတဲ့ ရည်ရွယ်ချက် နဲ့ ကြွက်မနိုင် ကျီမီးရှို့ ဆိုတဲ့ရန်လိုမှု အသုံးအနှုန်းဖြင့် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အခြေအမြစ်မရှိ ပြောကြားမှုအတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း နဲ့ နောက်နောင် အလားတူ လုပ်ကြံသတင်းဖြန့်လွှင့်မှု မရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်သွားဖို့ လိုအပ်တယ်လို့ SSPP က ပြောပါတယ်။
နောင်ချို – ကျောက်မဲ – သီပေါ တိုက်ပွဲတွေမှာ SSPP ဟာ ဘယ်ဖက်မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ စစ်ဘေးဒဏ်ခံရတဲ့ လူထုတွေကို ကြိုးစားကူညီတဲ့ လူထုကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ လုပ်ဆောင်ခဲ့တာဟာ ဒေသခံလူထုတွေ အသိပင်ဖြစ်တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာ စစ်တပ် နဲ့ TNLA စစ်ကြောင်းတွေဟာ SSPP ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲတွေ ဖော်ဆောင်ကာ လူထုအသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုတွေကို ဆိုးရွားစွာ ထိခိုက်ပျက်စီးဆုံးရှုံးစေခဲ့တာဟာ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရတယ်လို့ SSPP က ပြောပါတယ်။
ဒါကြောင့် မဟုတ်မမှန်သတင်းဖြန့်လွှင့်မှုအတွက် TNLA ဘက်မှ တာဝန်ယူဖြေရှင်းပေးဖို့ လိုအပ်သလို လူထုအသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှု ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအတွက် နှစ်ဖက်သက်ဆိုင်သူ အဖွဲ့အစည်းတွေက တာဝန်သိသိဖြင့် တာဝန်ယူဖြေရှင်းပေးရမယ်လို့ ဒေသခံလူထုတွေ ကိုယ်စား SSPP မှ တိုက်တွန်းတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ရရှိခဲ့တဲ့ သျှမ်းမြောက်ရှိ မြို့တွေအနက် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်ပါတယ်။