စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲကြောင့် တောထဲ ပိတ်မိနေတဲ့ သခွတ္တာ/ခိုနန်း ကျေးရွာသားတွေကို ရှမ်းနီအမျိိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ က ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တောတောင်တွေမှာ သွားရောက်တိမ်းရှောင်နေကြတဲ့ ဒေသခံတွေဖြစ်ပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့လည်း စစ်ဘေးရှောင်ပြည်သူများအား ကူညီနေရာချထားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်တော့ တောထဲရှောင်ပုန်းနေတဲ့ ရွာသားတွေကို SNA က ဦးစီးပြီး သွားခေါ်ထုတ်ခဲ့တာ စုစုပေါင်း ၂၀၀ ကျော်တယ်၊ သတ်မှတ်ထားတဲ့ စစ်ရှောင်စခန်းကို ပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ- ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။
အဆိုပါ သခွတ္တာ/ခိုနန်းကျေးရွာဟာ ကတူးတိုင်းရင်းသားတွေ အများစုနေထိုင်ကြပြီး တောတောင်တွေမှာ အခက်အခက် အမျိုးမျိုးဖြင့် နေထိုင်ကြရတာကြောင့် SNA ကယ်ထုတ်ခဲ့တာလို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်မှာ ဌာနတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီ နဲ့ ကတူးတို့အကြား လူမျိုးရေးပြဿနာတွေ ဖန်တီးမှုတွေလည်း ရှိနေကြောင်း၊ လူမျိုးရေးပဋိပက္ခမဖြစ်ဖို့ အတတ်နိုင်ဆုံး ထိန်းသိမ်းနေတယ်လို့ စစ်ဘေးရှောင်ပြည်သူများအား ကူညီနေရာချထားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဗန်းမောက်မြို့ တိုက်ပွဲမှာ လူမျိုးရေးပြဿနာ မဖြစ်ရလေအောင် အတတ်နိုင်ဆုံးစည်းရုံးသိမ်းသွင်းပြီးမှ လုပ်ဆောင်နေရတယ်။ PDF ၊ KaDu Army တပ်ဖွဲ့ဝင် မိသားစုတွေနဲ့ သူတို့ရဲ့ သူတို့အမာခံတွေကိုတော့ ဗန်းမောက်တောင်ပိုင်းဘက် ခေါ်ဆောင်သွားပြီ။ ကျန်တဲ့ရွာသားတွေတော့ SNA ထိမ်းချုပ် စစ်ရှောင်စခန်းလည်း မသွားခိုင်းလို့ တောထဲ ဒီပုန်းဟိုပုန်းနဲ့ နေတဲ့ သာမာန် ကဒူးပြည်သူတွေ ရသလောက်တော့ ခေါ်ခဲ့တယ်” လို့ ပြောပါတယ်။
အလားတူ ခိုပြင်၊ ညောင်သာယာကျေးရွာမှ ကတူးတိုင်းရင်းသား စစ်ရှောင်တွေကို ရှမ်းနီအမျိုးသားများ တပ်မတော် – SNA တပ်မဟာ ၆၁၄ က ကူညီကယ်ဆယ်ထားပြီး စားနပ်ရိက္ခာ၊ နေရာ၊ ဆေးဝါး ကူညီပေးနေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပိတ်ထားသလို ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
SNA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းတွေ အကူအညီပေးနေပေမယ့် စစ်ရှောင်လူဦးရေတိုးများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။











