စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်တွေအတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း စတင်၍ တိုက်ပွဲရှောင်တွေ များပြားလာကြောင်း၊ တိုက်ပွဲရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာတွေအပြင် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “အရင် တိုက်ပွဲစဖြစ်တုန်းက အိမ်ထောင်စု ၄၅ စုလောက်ပဲ အနောက်ခြမ်းကို ရောက်လာတာ၊ အခုက တစတစနဲ့ ပိုများလာတယ်။ တိုက်ပွဲရှောင်တွေအတွက် စားနပ်ရိက္ခာလိုတယ်၊ နောက်ပြီး ဆေးဝါးတွေ အနွေးထည်တို့ စောင်တို့ လိုတယ်။ ကလေးငယ်တွေလည်း အများကြီးပါလာတယ်” လို့ ပြောပါတယ်။
ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့က ဖော်ဆောင်တဲ့ မြို့သိမ်းတိုက်ပွဲကာလအတွင်း မြို့ခံလူထု ထောင်နဲ့ချီဟာ မြို့ရဲ့ အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။
အဲဒီနောက် ဗန်းမောက်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ တိုက်ပွဲရှောင်တွေရဲ့ နေအိမ်၊ စျေးဆိုင်ခန်းတွေလည်း ဖောက်ထွင်းခံရမှု အများအပြားရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာခဲ့ပြီး ဒေသခံ ရှမ်းနီ၊ ကတူးလူမျိုး နဲ့ ဗမာလူမျိုး ထောင်နဲ့ချီ ဘေးကင်းရာသို့ ဆက်လက်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အခုထိ ဖြစ်ပွားနေဆဲဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ရှမ်းနီ၊ ကတူး၊ ကနန်း စတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စနစ်တကျထားရှိတဲ့ စစ်ရှောင်စခန်းတွေ မရှိခြင်း၊ စားနပ်ရိက္ခာ ခက်ခဲခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲခြင်း နဲ့ ပညာရေးဝန်ဆောင်မှု မရရှိတော့ခြင်းတို့ကိုပါ ခံစားနေကြရတယ်လို့ ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး (SNUA) ကလည်း အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တဖက်မှာလည်း အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အလားတူ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကလည်း အင်တာနက်တွေ နဲ့ ကုန်စည်ကူးသန်းခွင့်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။
ဗန်းမောက်မြို့အနောက်ဘက်ခြမ်းသို့ တိုက်ပွဲရှောင်တွေ အများအပြား ရောက်ရှိလာပေမယ့် တော်လှန်ရေး အင်အားစုတွေရဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ခွင့် ပိတ်ပင်ထားတာကြောင့် တိုက်ပွဲရှောင်တွေဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
SNA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာတဲ့ တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းတွေ အကူအညီပေးနေပေမယ့် စစ်ရှောင်လူဦးရေတိုးများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။