၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ အခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် NCAလုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေတယ်လို့ လက်နက်ကိုင် ၆ ဖွဲ့က ပြောပါတယ်။
NCA ကို လက်မှတ်ထိုးရေးထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ဒီနေ့အောက်တိုဘာ ၁၃ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။
အဲ့ဒီ ပူးတွဲကြေညာချက်ထဲမှာ NCA လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကာလအတွင်း စစ်တပ်ဟာ လုပ်ငန်းစဉ်တွေကို လွှမ်းမိုးထိန်းချုပ်ခြင်း၊ တဖက်သတ်ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်အောင် တားဆီးခြင်းတွေ ပြုလုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်တွေကိုအကြိမ်ကြိမ်ချိုးဖော်တာတွေရှိခဲ့ပေမယ့် သဘောတူညီချက်အချို့ရအောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။
NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းမှုမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုက ပြည်သူလူထုကို အင်အားသုံးပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးသတ်ဖြတ်၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ NCA အမည်ခံပြီး ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင် ရွေးကောက်ပွဲတို့ဟာ စစ်အာဏာရှင်တွေက နိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေး၊ တရားမှုရှိဖို့ကြိုးပမ်းနေခြင်းတို့သာဖြစ်တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါကြောင့် လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ၁၀နှစ်ပြည့်သွားပြီဖြစ်တဲ့ NCA နှစ်ပတ်လည်ကို စစ်အုပ်စုက ပြုလုပ်ဖို့ပြင်ဆင်နေပြီး အဲ့ဒီပွဲကို UN၊ ASEANနဲ့ နိုင်ငံတကာသံတမန်တွေအနေနဲ့ မတက်ရောက်ကြဖို့ကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်တပ်က နိုင်ငံရေးမှာ ပါဝင်မှုမရှိစေရေး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲနိုင်ဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်နိုင်တဲ့အထိ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမယ်လို့လည်း ကြေညာခဲ့ပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး နေပြည်တော်မှာ အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။