Home နိုင်ငံရေး ဥမင်လိုဏ်ခေါင်းတူးပြီး ရွှေခိုးယူခဲ့တဲ့ တရားခံကို UWSA ဖမ်းဆီး စစ်ဆေးနေ

ဥမင်လိုဏ်ခေါင်းတူးပြီး ရွှေခိုးယူခဲ့တဲ့ တရားခံကို UWSA ဖမ်းဆီး စစ်ဆေးနေ

by Homeland Author

သျှမ်းပြည်အရှေ့ပိုင်း ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ ဥမင်လိုဏ်ခေါင်းတူးပြီး ရွှေတွေဖောက်ထွင်းခိုးယူခဲ့တဲ့ တရားခံကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ ရဲဌာနမှ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က နမ့်တစ်မြို့မှာ “ဟောင်ကောင်”လို့ အမည်ရတဲ့ တရုတ် ရွှေဆိုင်တစ်ခုကို ဥမင်လိုဏ်ခေါင်းတူးပြီး ရွှေတွေခိုးယူခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး (၅) ရက်အကြာမှာ UWSA ရဲ့ ရဲဌာနက အဓိကတရားခံကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

UWSA ရဲဌာန၏ ထုတ်ပြန်ချက်အရ ကျူးလွန်သူဟာ ကွမ်းလုံခရိုင်၊ တောင်ကျတ်မြို့နယ်၊ တောင်ကျတ်ကျေးရွာနေ အမည် ဖူကျာချန်၊ အသက် ၂၇ နှစ်အရွယ်၊ ကိုးကန့်လူမျိုး ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သံသယရှိသူတွေနဲ့ ၎င်းတို့ပုန်းအောင်းတဲ့ နေရာကို အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဖမ်းဆီးနိုင်ခဲ့ပြီး ရွှေ၊ လက်ဝတ်ရတနာတွေကိုလည်း ၎င်းတို့ ပုန်းအောင်းတဲ့ နေရာကနေ ပြန်လည်သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တရားခံကို စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ကျန်ရှိသော တရားခံတွေကိုလည်း ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ဟာ ၎င်းတို့ ထိန်းချုပ်နယ်မြေမှာ မုဒိန်းမှု၊ ခိုးမှု၊ ဓားပြမှု နဲ့ လူသတ်မှုတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။

related posts

Leave a Comment