Home နိုင်ငံရေး စစ်ရှောင်တွေကို သွားရောက်ကူညီသူ သျှမ်းနီစာပေ သင်ကြားရေးဆရာ-မော်ဆွမ်တဦး Drop ဗုံးကြောင့် သေဆုံး

စစ်ရှောင်တွေကို သွားရောက်ကူညီသူ သျှမ်းနီစာပေ သင်ကြားရေးဆရာ-မော်ဆွမ်တဦး Drop ဗုံးကြောင့် သေဆုံး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့က တိုက်ပွဲရှောင်တွေကို ကူညီပြောင်းရွေ့ပေးနေချိန် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ၎င်းတို့ လက်အောက်ခံ ကတူး PDF တို့ Drop ဗုံးနဲ့ တိုက်ခိုက်တာကြောင့် သျှမ်းနီ (တိုင်းလျမ်) စာပေ နှင့် ရိုးရာယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင် သျှမ်းနီတိုင်းရင်းသား စာပေသင်ကြားရေး ဆရာတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို စက်တင်ဘာလ- ၁၅ ရက်နေ့က KIA ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ကတူး PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်နဲ့ချီ မြို့နယ်အနောက်ဘက် တိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဗန်းမောက်မြို့နယ် ပင်ဟင်းခါးကျေးရွာကို KIA/ ကတူး PDF တွေက ဆက်လက်ထိုးစစ်ဆင်လာရာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျေးရွာအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကူညီပြောင်းရွေ့ပေးနေစဉ်မှာ KIA နဲ့ ကတူး PDF တပ်ဖွဲ့တို့ရဲ့ Drop ဗုံး ကျရောက်ထိမှန် သေဆုံးခဲ့တာလို့ အဆိုပါ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။

“ဗန်းမောက်မှာ တိုက်ပွဲစဖြစ်တော့ ပြည်သူတွေက ပိတ်မိနေတာတွေ ရှိတယ်၊ အဲဒါကို သျှမ်းနီစာယဉ်အဖွဲ့က ကူညီပြောင်းရွေ့ဖို့ သွားကြတယ်၊ တိုက်ပွဲရှောင်တွေက အများကြီးပဲ၊ ပင်ဟင်းခါးမှာ သွားခေါ်တာ အဲချိန် KIA နဲ့ ကတူး PDF တွေက Drop ဗုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီနောက် ထိခိုက်ဒဏ်ရာတွေနဲ့ ဟုမ္မလင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ပြင်းထန်တာကြောင့် လမ်းခရီးမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ မံစီကြီးဒေသစိတ် သျှမ်းနီ(တိုင်းလျမ်)စာပေ နှင့် ရိုးရာယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဆေဝင်းဗိုလ် (အသက် ၂၂ နှစ်) ဖြစ်ပြီး မံစီကြီးအုပ်စု မံထွန်ကျေးရွာမှာ သျှမ်းနီတိုင်းရင်းသား စာပေသင်ကြားနေတဲ့ ဆရာ (မော်ဆွမ်) တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဆေးဝင်းဗိုလ်ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ်တွေကို ၃ နှစ်တိုင်တိုင် ပညာသင်ကြားပေးနေသူ ဖြစ်သလို ရပ်ရွာရဲ့ သာရေးနာရေးတွေမှာလည်း လိုက်ပါကူညီဆောင်ရွက်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ဗန်းမောက်မြို့နယ်မှာ SNA နဲ့ KIA/PDF/ကတူး PDF တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံအများစုကလည်း SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်အနောက်ခြမ်းသို့ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ပုံအညွှန်း -စစ်ဘေးသင့် ကြောင်လည်၊ ပင်းခါးရွာသားတွေကို သျှမ်းနီစာ/ယဉ်က စားနပ်ရိက္ခတွေ ထောက်ပံ့ (မတ်လ ၂၀၂၅)

related posts

Leave a Comment