Home နိုင်ငံရေး ကချင်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်သေဆုံးမှု စစ်ခေါင်းဆောင်ထံ တိုင်ကြား

ကချင်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်သေဆုံးမှု စစ်ခေါင်းဆောင်ထံ တိုင်ကြား

by Homeland Author

ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ကချင်ပြည်သူ့စစ် ခေါင်းဆောင်အချင်းချင်း ပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်၍ စစ်ဆေးအရေးယူပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့ ညနေ့ ၄ နာရီခန့်က ဝိုင်းမော်မြို့နယ် အခြေစိုက် ကချင်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးနော်လီ နဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်တို့ အစည်းအဝေးခန်းမမှာ စကားများကြပြီး ဦးနော်လီမှ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့ရာ ဦးအောင်ဂမ်က နေရာမှာပဲ သေဆုံးသွားတယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ပစ်ခတ်မှု မဖြစ်ခင် ၃ နာရီခန့်မှာ ဥက္ကဋ္ဌ ဦးနော်လီမှာ ၎င်းတပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် လက်နက်အပြည့်အစုံနဲ့ အစည်းအဝေးခန်းမကို ရောက်ရှိလာကြောင်း၊ ဒုဥက္ကဋ္ဌ ဦးအောင်ဂမ် နဲ့ တပ်ဖွဲ့ဝင်တွေကို လက်နက်တွေ မယူဆောင်ဖို့ ဦးနော်လီမှ ပြောပြီး ခန်းမထဲ ဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးခန်းမမှာ လူစုံတဲ့အခါ ဥက္ကဋ္ဌ ဦးနော်လီမှ ၎င်းတပ်ဖွဲ့ဝင်တွေက လက်နက်ကိုင်ဆောင်ထားပြီး ဒုဥက္ကဋ္ဌ ဦးအောင်ဂမ် ၁ ဦးသာ လက်နက်ပါရှိကြောင်း၊ ထို့နောက် ဦးနော်လီမှ ပစ်ဟု အမိန့်ပေး၍ သေနတ်သံတွေ ဆူညံသွားပြီး ဦးအောင်ဂမ်မှာ သေဆုံးသွားကြောင်း ဆိုပါတယ်။

ဦးနော်လီက ဒဏ်ရာအနည်းငယ်သာ ရရှိကြောင်း အဆိုပါ ဖြစ်စဉ်အရ ဦးအောင်ဂမ်ကို သတ်ဖြတ်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ခြင်းမှာ ပေါ်လွင်နေတယ်လို့ ဆိုထားပါတယ်။

ဇူလိုင် ၁၅ ရက်နေ့မှာ ဦးနော်လီဟာ မြစ်ကြီးနားလေဆိပ်မှ အလွယ်တကူ ထွက်ပြေးသွားခဲ့ကြောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဖြစ်သူ ဗိုလ်မှူးချုပ် ညွန့်စိန်မှ ဝိုင်းမော်မြို့နယ် ရဲစခန်းမှူး၊ ခရိုင်ရဲမှူးအဖွဲ့ နဲ့ လေယာဉ်ကွင်းမှာ သွားရောက်တားဆီးခဲ့ပေမယ့် (မပခ တိုင်းမှူး) မှ လေယာဉ်စီးခွင့်ပြုထားကြောင်း ပြောဆို၍ ထွက်ပြေးခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ မြေပြင်အဖြစ်အပျက် အမှန်ကို နေပြည်တော်မှ တာဝန်ရှိသူတွေနဲ့ စစ်ဆေးပေးဖို့ ကချင်ပြည်သူ့စစ်အဖွဲ့က တောင်းဆိုထားပါတယ်။

ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးလဆန်အောင်ဝါဟာ ၂၀၀၄ ခုနှစ်က KIA မှ ခွဲထွက်ခဲ့ပြီး ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ထိန်းချုပ်ရာဒေသအတွင်း ခိုလှုံခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးလဆန်အောင်ဝါ နေရာဆက်ခံသူ ဥက္ကဋ္ဌ ဦးနော်လီ နဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ဂမ်တို့ နေရာလုကြရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment