Home နိုင်ငံရေး SNA ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့်အခမ်းအနား ကျင်းပမည်

SNA ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့်အခမ်းအနား ကျင်းပမည်

by Homeland Author

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဖွဲ့စည်းတည်ထောင်ခြင်း နှစ်ပြည့်အခမ်းအနား ကျင်းပသွားမယ်လို့ SNA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

SNA ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့် ဇူလိုင် ၅ ရက်မှာတော့ ၃၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

SNA နဲ့ နီးစပ်သူတစ်ဦးကတော့ “SNA ဗဟိုဌာနချုပ်မှာတော့ အခမ်းအနား မလုပ်ဘူး။ ဘုန်းတော်ကြီးကျောင်းတွေမှာ ဆွမ်း၊ သင်္ဃန်း ကပ်လှူသွားမယ်လို့ ကြားတယ်။ တပ်မဟာ ၈၉၁ တပ်ရင်း ၄ ကတော့ အခမ်းအနား လုပ်မယ်၊ တပ်မဟာ ၆၁၄ ကလည်း ဆွမ်း၊ သင်္ဃန်း ကပ်လှူတာတွေ လုပ်သွားမယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး၊ မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွင်းရှိ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ရေး စတဲ့ မူ (၅) ချက်ကို ချမှတ်အကောင်အထည်‌ဖော်လျက်ရှိတယ်လို့ သိရပါတယ်။

ကချင် နဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်၊ တိုင်းခမ်းတီး၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းလျဲန် ခေါ် ရှမ်းနီ စတဲ့ ရှမ်းမျိုးနွယ်စုတွေကို ကိုယ်စားပြုပြီး SNA ကို ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

SNA ဟာ ကချင်ပြည်နယ်အတွင်း ပါဝင်နေတဲ့ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ တမူး၊ ကလေး၊ ကသာ၊ ဝန်းသို စတဲ့ မြို့နယ်တွေကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေး လှုပ်ရှားလျက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ SNA ကို တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄၊ တပ်မဟာ ၅၆၅ နဲ့ ဗဟိုဌာနချုပ်တစ်ခု အထူးစစ်ကြောင်း သုံးကြောင်း စသဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment