လက်ရှိ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်နေတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေ မြန်မာ့အရေးမှာ ဝင်ပါလာနိုင်တယ်လို့ တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝင်ရောက်စွတ်ဖက်တာတွေ လုပ်တာကို တားဆီးနိုင်ဖို့အတွက်ဆိုရင် ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အင်အားကြီးဖို့လိုအပ်တယ်လို့ ပြောပါတယ်။
ဒေါက်တာ လှကျော်ဇောက “ကျမတို့နိုင်ငံရဲ့ အခြေအနေကလည်း တော်တော်ကြီး ကစဉ့်ကလျားနဲ့ ကျရှုံးနိုင်ငံကြီးဖြစ်တော့ အိမ်နီးချင်းနိုင်ငံတွေက ဝင်ပြီး ပါလာနိုင်တဲ့ အချက်အလက်တွေလည်း ရှိတယ်။ ဒါ့ကြောင့်မို့ ကျမပြောတဲ့ တပ်ပေါင်းစုဖွဲ့ဖို့ လိုတယ်ဆိုတာ အဲဒါကြောင့်ပါ။ ကျမတို့ ဒီထဲမှာ တော်တော်အင်အား တောင့်တင်းဖို့လိုတယ်ဆိုတာ အဲဒါကြောင့်ပြောတာ။ တရုတ်ကလည်း ဝင်ပါလာနိုင်တယ်၊ အိန္ဒိယကလည်း ဝင်ပါလာနိုင်တယ်၊ အခု ဘင်္ဂလားဒေ့ရှ်ကလည်း ရုတ်ရုတ် ဖြစ်လာပြီ။ အဲဒီတော့ ကိုယ့်တိုင်းပြည်မှာ ကိုယ့်ဟာကိုယ် ညီညွတ်စွာ အင်အား မတည်ဆောက်နိုင်ရင် ဟိုကဝင်စွတ်၊ ဒီကဝင်စွတ် ဖြစ်မှာပဲ၊ အဲဒါတော့ ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့ကြောင့် ပြည်တွင်းမှာရှိတဲ့ မြောက်ပိုင်းဒေသဖြစ်ဖြစ်၊ တောင်ပိုင်းဒေသဖြစ်ဖြစ် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ တပ်ပေါင်းစု ဖွဲ့ဖို့ လိုအပ်တယ်လို့ ဒေါက်တာလှကျော်ဇောက ဆက်ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ပါဝင်လာပြီး စစ်ကောင်စီအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့အပေါ် တစ်စုံတစ်ရာ ဩဇာသက်ရောက်မှု ရှိနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ တပ်ပေါင်းစု ဖွဲ့စည်းဖို့ နောက်တန်းရောက်သွားပြီဖြစ်ကြောင်း၊ ပြည်မမှာ စစ်မနိုင်၍ ဖြစ်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။
“အဲဒါတွေက နောက်တန်းရောက်သွားပြီ၊ နောက်တန်းရောက်သွားပြီ။ တို့ပြည်မကြီးက စစ်မနိုင်ဘူး။ ဘယ်သူက ခေါင်းဆောင်မှာလဲ၊ ပြည်မကြီး စစ်နိုင်တော့မှ လူဦးရေးများတဲ့သူက ဦးဆောင်ရမှာလေ၊ လူဦးရေးများတယ်ဆိုတာ မတရားအနိုင်ကျင့်ဖို့ မဟုတ်ဘူး။ ဟိုတုန်းက ၄၇ အခြေခံဥပဒေအရ ဖက်ဒရယ်တွေ ပေးပါ့မယ်ဆိုတဲ့ဟာ ခွဲထွက်ခွင့်တွေ ပေးပါမယ်ဆိုတဲ့ဟာ ဒီဖက်ကလည်း မကျင့်သုံးဘူး။ ကျင့်သုံးခါနီး ဦးနုတို့ လုပ်တဲ့အခါကြတော့ ဗိုလ်နေဝင်း အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ ဗမာလူမျိုးကြီး ဝါဒနဲ့ ဗမာစစ်အာဏာရှင်ဝါဒ ထွန်းကားပြီးတော့ လူမျိုးစုတွေက ဗမာဆို အသေမုန်းတာ၊ ငါတို့က နိုင်ငံ့ဝန်ထမ်း တာဝန်ထမ်းဆောင်လာတာ တပြည်လုံး လှည့်လာတာ၊ အသေမုန်းတာ၊ ငါ့တို့ ရှေ့မှာ ဗမာလို မပြောဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လျက်ရှိနေပြီး နေအိမ်ပျက်စီး မီးလောင်မှု၊ အရပ်သား သေဆုံးမှုတွေ နေစဉ်နဲ့အမျှ ဖြစ်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ဟာ အဖက်ဖက်က ဖွံ့ဖြိုးမှု နောက်ကျနေတဲ့အပြင် ပြည်သူလူထုတို့ဟာလည်း နေစဉ် စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။