Home » ဖလူးတိုက်ပွဲမှာ ဝင်မပါဖို့ တပ်ဖွဲ့ဝင်တွေကို DKBA အမိန့်ထုတ်

ဖလူးတိုက်ပွဲမှာ ဝင်မပါဖို့ တပ်ဖွဲ့ဝင်တွေကို DKBA အမိန့်ထုတ်

by Homeland Author

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဖလူးဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေအနေနဲ့ လုံးဝ ပါဝင်ပတ်သက်ခြင်းမပြုဖို့ DKBA က အမိန့်ကြေညာချက် ထပ်မံထုတ်ပြန်လိုက်ပါတယ်။

ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုမရှိစေရေးနဲ့ ပါဝင်ပတ်သက်ကြောင်း ခိုင်လုံတဲ့ မြေပြင်အချက်အလက်၊ သက်သေအထောက်အထားနဲ့ မှတ်တမ်းဓာတ်ပုံတွေ ရရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း တပ်ဖွဲ့ဝင်အဖြစ်ကနေ အပြီးအပိုင် ထုတ်ပယ်သွားမယ်လို့ DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က အမိန့်ကြေညာချက်အမှတ် (၀၇/၂၀၂၆) နဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်တဲ့ အမိန့်ကြေညာချက်အသစ်ဟာ ယခင်ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာချက်အမှတ် (၀၂/၂၀၂၆) ကို လွှမ်းမိုးပယ်ဖျက်လိုက်တာဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

DKBA အနေနဲ့ အခုနှစ် ဇူလိုင် ၂၉ ရက်ကလည်း ဖလူးဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခြင်းမပြုဖို့နဲ့ ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ပထမအကြိမ် တားမြစ်အမိန့် ထုတ်ပြန်ခဲ့ဖူးပါတယ်။

related posts

Leave a Comment