မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားပြီး စစ်ကောင်စီက မြို့တွေတော်တော်များများကို လက်လွှတ်ဆုံးရှုံးနေရချိန်မှာ တိုက်ပဲဖြစ်ပွားမှု မရှိတဲ့ နောင်ချိုမြို့နယ်ကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် နောင်ချိုက စစ်ကောင်စီအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို မေးခွန်းထုတ်နေ ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာရှိတဲ့ တအာင်းတပ်မတော် (TNLA) ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ပြီး မတ်လ ၂၅ ရက်နေ့မှာ နောင်ချိုတိမ်ပင်လယ်ကို စစ်ကောင်စီက ပြန်သိမ်းလိုက်တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဖော်ပြပါတယ်။
လက်ရှိ စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထားတဲ့ တောင်းခမ်းရွာက စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှု ဌာနချုပ်အပါအဝင် အမြှောက်တပ် ၃ ခု တပ်စွဲထားတဲ့ နေရာဖြစ်သလို အထက်မြန်မာပြည် စစ်ဆင်ရေးအတွက် လောင်စာဆီ ပမာဏ အမြောက်အများကို သိုလှောင်ထားတဲ့ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် နောင်ချိုနဲ့ ကျောက်မဲကြားရှိ ဂုတ်တွင်းဟာလည်း ပြည်ပကျူးကျော်စစ်ကို ကာကွယ်ဖို့ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ် ဖြစ်တယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။
“အခု ဖြစ်ပျက်နေတဲ့ အနေအထားက စစ်ရေးအရ ပြောမယ်ဆိုရင် နောင်ချိုနဲ့ ကျောက်မဲကြားမှာ ဂုတ်တွင်းဆိုတဲ့ ချောက်ကြီးရှိတယ်။ ဂုတ်ထိပ်တံတား ရှိတယ်။ ချောက်ကြီး ခြားထားတာ။ ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် အဲဒီချောက်ကြီး ခြားထားတဲ့အတွက် ပြည်ပကျူးကျော်စစ်ပေါ့နော်၊ စစ်တပ်အနေနဲ့ ပြောမယ်ဆိုရင် စစ်ဆင်ရေးအနေနဲ့ ပြောမယ်ဆိုရင် ပြည်ပကျူးကျော်စစ်ကို ပြောမယ်ဆိုရင် ဂုတ်တွင်းဟာ နောက်ဆုံးခံစစ်ပဲ။ နောင်ချိုမှာ အခုရင်ဆိုင်ထားတဲ့ တောင်းခမ်းလိုနေရာက အရေးကြီးတယ်။ ဘာလို့ အရေးကြီးလဲဆိုတော့ နောင်ချို – တောင်းခမ်းဆိုတဲ့ နေရာက စစ်စခန်းကြီး ဆောက်ထားတာဟာ ဦးသန်းရွှေ လက်ထက်က အကြီးအကျယ် ဆောက်ထားတာ။ အဲဒီမှာ အမြှောက်တပ်မကြီး၊ အဲဒီမှာ လုပ်ထားတာက စစ်ဆင်ရေး လောင်စာဆီတွေ လှောင်ထားတာ။ အဲဒီလောင်စာဆီ လှောင်တဲ့ နေရာဖြစ်တယ်” လို့ ပြောပါတယ်။
နောင်ချိုမြို့ကိုတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ဇူလိုင် ၁၀ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တောင်းခမ်းရွာ၊ နောင်ချိုတိမ်ပင်လယ်ကို စစ်ကောင်စီက ပြန်ပြီး သိမ်းပိုက်နိုင်ပေမယ့် ဆုံးရှုံးသွားတဲ့ မြို့တွေကို ပြန်သိမ်းမယ်ဆိုတာက စိတ်ကူးယဉ်ပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“စစ်ကောင်စီအတွက် အရေးပါတယ်ဆိုတာက နောင်ချိုက လမ်းဆုံဖြစ်နေတာပေါ့။ မေမြို့ ဆင်းတဲ့ လမ်းမှာလည်း နောင်ချိုက ရှိနေတာ။ နောက်တစ်ခုက နောင်ချိုကနေပြီးတော့ တောင်းခမ်းဆိုလို့ရှိရင်လည်း အမြှောက်တပ်က ချထားတယ်။ ဘာကြောင့်လဲဆိုတော့ တောင်းခမ်းက ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ဘက်ကို ဆင်းတဲ့နေရာ ဖြစ်တဲ့အတွက် အဲဒီနေရာကို အဲဒီနေရာကို အသေအလဲ ခုခံနေတာ ဖြစ်ပါတယ်။ အဲဒီနေရာကို အမြှောက်တပ် ၄ ဖွဲ့ အခု နေရာချထားပြီး ဖြစ်ပါတယ်။ ပြီးတော့ စစ်အင်အား ၂ ထောင်နဲ့ ၃ ထောင်ကြားမှာ ရှိတယ် ပြောတယ်။ အဲဒါကြောင့် သူက နောင်ချိုကနေပြီးတော့ ပြန်ပြီးတော့ တိုက်လာမယ်ဆိုရင် TNLA က စစ်ရေးလှုပ်ရှားမှု အားနည်းနေတဲ့အချိန်မှာ သူတို့စစ်တပ် ရှေ့တန်းတက်ပြီးတော့ မြို့တွေများ ပြန်သိမ်းနိုင်မလားဆိုပြီး စိတ်ကူးယဉ်ပြီး လုပ်နေတာလို့ ကျနော်တော့ ယူဆပါတယ်” လို့ ပြောပါတယ်။
နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်ရဖို့အတွက်ကို ပြီးခဲ့တဲ့ မတ်လအစောပိုင်း ကနေစပြီးတော့ လေယာဉ်နဲ့ အဆက်မပြတ် လာရောက် ဗုံးကြဲခဲ့ပြီးတော့ မတ် ၁၆ ရက်မှာ နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၆ ရက်မှာလည်း နောင်ချိုမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဂျက်ဖိုက်တာ ၂ စီးနဲ့ ၅ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့လို့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ဒေသခံ ၄ ဦးကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ဗုံးစထိမှန် ပျက်စီးသွားခဲ့ပါသေးတယ်။
အလားတူ စစ်ကောင်စီဟာ ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လေကြောင်းကနေ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။