Home ကျန်းမာရေး ကတူးစစ်ဘေးရှောင်တွေကို SNA က ဆေးကုသပေး

ကတူးစစ်ဘေးရှောင်တွေကို SNA က ဆေးကုသပေး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းသို့ ရောက်ရှိလာတဲ့ သခွတ္တာ၊ ခိုနန်း နဲ့ သာယာကုန်း ကတူးကျေးရွာသားတွေကို မနေ့က အောက်တိုဘာ ၁၈ ရက်နေ့မှာ ရှမ်းနီအမျိုးသားများတပ်မတော် – SNA တပ်မဟာ ၆၁၄ က ကျန်းမာရေး ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် တောတောင်တွေမှာ ပိတ်မိနေတဲ့ သခွတ္တာ၊ ခိုနန်း နဲ့ သာယာကုန်း ကတူးကျေးရွာသားတွေကို SNA က စစ်ရှောင်စခန်းသို့ ခေါ်ဆောင်လာကာ သက်ကြီးရွယ်အို၊ ကလေးသူငယ် နဲ့ ဖျားနာနေသူတွေကို ကျန်းမာရေး ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သခွတ္တာ၊ ခိုနန်း ရပ်မိရပ်ဖ တစ်ရွာကို ၁၀ ယောက်နှုန်းဖြင့် လူ ၂၀ ဦးကို ယာယီစစ်ရှောင် ကော်မတီကိုလည်း ထပ်မံဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းသို့ ရောက်ရှိလာတဲ့ ခိုနန်းကျေးရွာမှ သာသနာ့ဝန်ထမ်း ၅ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး၊ နို့စို့ကလေးအရွယ် ၅ ဦး၊ အသက် ၁၅ နှစ်အောက်ကလေး ၄၄ ဦး၊ အသက် ၅၀ နှစ်အောက် ၃၇ ဦး၊ အသက် ၅၀ နှစ်ကျော် ၃၉ ဦး နဲ့ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ဆရာလေးအပါအဝင် ၁၂ ဦးရှိတယ်လို့ သိရပါတယ်။

အလားတူ သခွတ္တာကျေးရွာမှ သာသနာ့ဝန်ထမ်း ၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး၊ နို့စို့ကလေးအရွယ် ၃ ဦး၊ အသက် ၁၅ နှစ်အောက်ကလေး ၂၂ ဦး၊ အသက် ၅၀ နှစ်အောက် ၂၁ ဦး၊ အသက် ၅၀ နှစ်ကျော် ၁၇ ဦး နဲ့ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ဆရာလေးအပါ ၆ ဦး ရောက်ရှိလာတယ်လို့ သိရပါတယ်။

သာယာကုန်းကျေးရွာမှ အသက် ၁၅ နှစ်အောက်ကလေး ၅ ဦး၊ အသက် ၅၀ နှစ်အောက် ၃ ဦး၊ အသက် ၅၀ နှစ်ကျော် ၂ ဦး၊ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို ဆရာလေးအပါ ၂ ဦး ထပ်မံရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ထပ်မံ ရောက်ရှိလာတဲ့ အဆိုပါ စစ်ဘေးရှောင်တွေအတွက် လတ်တလောလိုအပ်နေတဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ တွေကိုတော့ ဗန်းမောက်မြို့ စစ်ရှောင်ကော်မတီ နဲ့ ဆီလုပ်ငန်းရှင်များအသင်း – ရွှေတော်က တာဝန်ယူခဲ့ပြီး ခြံထွက်သီးနှံ နဲ့ ဟင်းစိမ်းတွေကိုတော့ ဒေသခံပြည်သူတို့က တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ – ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။

သခွတ္တာ၊ ခိုနန်းကျေးရွာရှိ PDF နဲ့ KaDu Army တပ်ဖွဲ့ဝင်မိသားစုတွေနဲ့ ၎င်းတို့ရဲ့ အမာခံတွေကို ဗန်းမောက်တောင်ပိုင်းသို့ ခေါ်ဆောင်သွားပြီး ကျန်ရှိတဲ့ ဒေသခံတွေကို SNA ထိန်းချုပ် စစ်ရှောင်စခန်းလည်း မသွားခိုင်းဘဲ တောတောင်တွေမှာ တိမ်းရှောင်နေတာကြောင့် SNA က အောက်တိုဘာ ၁၇ ရက်နေ့မှာ သွားရောက် ခေါ်ဆောင်ခဲ့တာပါ။

ရှမ်းနီ၊ ကတူး၊ ကနန်းတွေဆိုတာ အတူနေ ဌာနေတိုင်းရင်းသားတွေ ညီအကိုတွေဖြစ်ကြောင်း၊ ကောင်းအတူ ဆိုးအတူ ရှိပေးနေရမှာဖြစ်ကြောင်း ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။

“ရှမ်းနီ၊ ကတူး၊ ကနန်းတွေဆိုတာ နယ်နိမိတ်တွေ စည်းမခြားထားဘဲ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး ယဉ်ကျေးမှုတွေအတူ ကူးလူးဆက်ဆံနေကြတဲ့ အတူနေ ဌာနေတိုင်းရင်းသား ညီအစ်ကို အရင်းအချာတွေပါ၊ ဘေး ပြောတာတွေ မယုံဘဲ ကိုယ့်ဒေသ အေးချမ်းဖို့အတွက် ရှေးရှုပြီး အတူလက်တွဲ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

SNA ထိန်းချုပ်ဒေသသို့ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အကူအညီပေးနေပေမယ့် စစ်ဘေးရှောင်လူဦးရေတိုးများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment