Home » အခြေခံပညာရေးကို ရခိုင်ဘာသာဖြင့် သင်ကြားဖို့ ပြဋ္ဌာန်းမှု ခူမီးအဖွဲ့ ကန့်ကွက်

အခြေခံပညာရေးကို ရခိုင်ဘာသာဖြင့် သင်ကြားဖို့ ပြဋ္ဌာန်းမှု ခူမီးအဖွဲ့ ကန့်ကွက်

by Homeland Author

ပလက်ဝမြို့နယ်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာဖြင့် သင်ကြားဖို့ ပြဋ္ဌာန်း၍ ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မသင်ကြားစေခြင်းအပေါ်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (Global Khumi Organization) က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး၊ ရှေးအစဉ်အဆက် ခူမီးချင်းလူမျိုးတွေနဲ့ အခြားချင်းမျိုးနွယ်စုတွေ စုစည်းနေထိုင်ရာ အချုပ်အခြာနယ်မြေ ဒေသတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်လာတာနဲ့အမျှ ယခုအခါ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာ(စကား)ဖြင့် ပြဋ္ဌာန်း၍ ဒေသခံ ချင်းပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခုရဲ့ ဘာသာစကားတစ်ခု ဖြစ်တဲ့ ရခိုင်ဘာသာ(စကား)ဖြင့် ပညာရေး သင်ရိုးညွှန်းတမ်းကို ပြဋ္ဌာန်း၍ သင်ကြားစေတာဟာ ပလက်ဝ မြို့နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ခူမီးချင်းလူမျိုးတွေနဲ့ အခြားချင်းတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင် ပြုရာရောက်သလို ဒေသခံ တိုင်းရင်း လူမျိုးတွေ အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူအများစုရဲ့ သဘောဆန္ဒမပါဘဲ မိမိတို့ရဲ့ အလိုကျ အတင်းအဓမ္မလုပ်ဆောင်တာဟာ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်တာကြောင့် AA ရဲ့ လုပ်ရပ်အပေါ် ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း (Global Khumi Organization) က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော် AA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းက မင်းပြားနဲ့ ပေါက်တောမြို့ကိုလည်း ရခိုင်ရာဇဝင်လာ နာမည်တွေဖြစ်တဲ့ “အဉ္ဇနပူရ” နဲ့ “ဝီရဌာနီ” လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ဒေသနဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့မှာ မြန်မာစာဖတ်စာကို ရခိုင်ဖတ်စာနဲ့ အစားထိုးသင်ကြားဖို့ စီစဉ်နေသလို အဲဒီ ရက္ခိုင်ဖတ်စာသင်ရိုးမှာလည်း ရှေးခေတ်ရခိုင်စာဆိုတွေရဲ့ ကဗျာ၊ ရသစာတမ်းနဲ့ ဝတ္ထုတိုတွေကို သင်ကြားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းပြည်နယ်က စစ်ရေးအရ အရေးပါတဲ့ ပလက်ဝဒေသတစ်ခုလုံးကိုတော့ အာရက္ခတပ်တော် (AA) ဘက်က လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

related posts

Leave a Comment