Home » PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျ

PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျ

by Homeland Author

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေကို တော်လှန်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးနေတဲ့ ထောက်ပို့တပ်သား ၅ သောင်းကျော်ဟာ ပြီးခဲ့တဲ့ ၂ လအတွင်း လျော့ကျသွားတယ်လို့ PRF က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သားအရေအတွက် တိုးလာကြောင်း၊ အခုလို ရပ်နားလိုက်တဲ့ ခဏအတွင်းမှာ မြေပြင်က ရဲဘော်တွေဆီ ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်သွားမလဲဆိုတာကို မမေ့မလျော့ သတိပြုဖို့လိုတယ်လို့လည်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF) က ဆိုပါတယ်။

“PRF မှာ ပုံမှန် ထောက်ပို့တာဝန် ထမ်းဆောင်ဖို့ ပျက်ကွက်နေတဲ့ Retired ရဲဘော် ပမာဏ ၅သောင်းကျော် ရှိပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂ လအတွင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သား အရေအတွက်ဖြစ်ပါတယ်။ တာဝန်တွေကို ခေတ္တလွှတ်ချပြီး အနားယူလိုက်တဲ့ ခဏမှာ မြေပြင်က ရဲဘော်တွေဆီကို ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်သွားမလဲဆိုတာ မမေ့မလျော့ သတိပြုမိဖို့ လိုပါတယ်။ ကျနော်တို့ ထောက်ပို့တပ်သားတွေရဲ့ အခန်းကဏ္ဍဟာ အရံအင်အား မဟုတ်ပါဘူး။ တော်လှန်ရေးဆိုတဲ့ ယန္တရားကြီး ပုံမှန်လည်ပတ်နေဖို့ မရှိမဖြစ်လိုအပ်တဲ့ အဓိက အစိတ်အပိုင်းတခုဖြစ်ပါတယ်” လို့ PRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ၅ သောင်းကျော်သော ထောက်ပို့တပ်သားတွေ လက်တွန့်သွားချိန်မှာ ရှေ့တန်းမှာ အသက်ပေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရှင်သန်မှုကို ရပ်တန့်သွားစေနိုင်တယ်လို့လည်း PRF က အသိပေးထားပါတယ်။

PRF ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားသွားကြပြီး ပြီးခဲ့တဲ့ ၂ လအတွင်း တာဝန်ထမ်းဆောင်ခြင်း မရှိတော့တဲ့ ထောက်ပို့တပ်သား အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

“နောက်တန်းက ၂ လတာ တာဝန်ရပ်နားလိုက်တဲ့အခါ… ငါတို့ အားလုံး မျှော်လင့်နေတဲ့ အောင်ပွဲဟာ ၂ လမက ပိုပြီး ဝေးကွာသွားပါလိမ့်မယ်။ ပန်းတိုင်မရောက်သေးဘဲ တော်လှန်ရေးတာဝန်တွေကနေ အပြီးတိုင်အနားယူလို့ရနေပြီလား။ တာဝန်ဆိုတာ အားလုံး ပခုံးချင်းယှဉ်ပြီး ထမ်းမှ ပေါ့တာပါ။ ဒါကြောင့် အားအင်အသစ်တွေနဲ့ တာဝန်တွေ အတူတူပြန်လည်ထမ်းဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ PRF က တိုက်တွန်းထားပါတယ်။

လက်ရှိမှာလည်း NUG လက်အောက်ခံ PDF နဲ့ စစ်တပ်တို့အကြား စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးအပါအဝင် နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အခုလို ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျသွားတာဟာ PDF တွေအတွက် ဆေးဝါး၊ ရိက္ခာ၊ လက်နက်ခဲယမ်း စတဲ့ကိစ္စရပ်တွေမှာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

related posts

Leave a Comment