ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေဖြင့် ကချင်သွေးချင်းညီအစ်ကိုတိုင်းရင်းသားလူမျိုးတွေရဲ့ ဇာတိမြေတွေမှာ စစ်ရေးဖြင့် ကျူးကျော်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
KIA ဟာ ဆော့လော်မြို့နယ်မှတစ်ဆင့် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်သို့ လမ်းကြောင်းအသီးသီးမှ ကျူးကျော်ဝင်ရောက်ကာ တပ်စွဲလျက်ရှိတယ်လို့ ဆိုပါတယ်။
KIA ရဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် ပူတာအိုခရိုင်အတွင်း မချမ်းဘောမြို့နယ် ဇိုင်ခူးဒေသ၊ ခေါင်လန်ဖူးမြို့နယ် ခရန်ခူးဒေသ၊ အမတ်ဂျုံဒေသ နဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနေ ပြည်သူတွေဟာ နေရပ်စွန့်ခွာကာ လူမှုဒုက္ခပေါင်းစုံခံစားနေကြတာကို အများသိကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဘေးဒဏ်ခံပြည်သူတွေအများစုဟာ မိမိတို့ ရဝမ်အမျိုးသားတွေသာဖြစ်ပြီး ၎င်းဒေသတွေဟာ လူမှုစီးပွားအခက်အခဲပေါင်းစုံ ခံစားရတဲ့ဒေသတွေဖြစ်သော်လည်း မိမိတို့ ဇာတိမြေတွေကို ခင်မင်တွယ်တာရင်း ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
တနည်းအားဖြင့် နိုင်ငံတော်အစိုးရ လက်လှမ်းမမီသော အရပ်ဒေသတွေဖြစ်သော်လည်း နိုင်ငံတော်အပေါ် သစ္စာရှိစွာ ရပ်တည်ကာ ထိန်းသိမ်းလာခဲ့သူတွေသာ ဖြစ်ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ပူတာအိုခရိုင်ဟာ အရင်ကလည်း KIA ရဲ့ ကျူးကျော်အနိုင်ကျင့်မှုတွေကြောင့် အပြစ်မဲ့ဒေသခံများစွာ ထိခိုက်သေဆုံးကာ အိုးအိမ်ပျက်စီးခဲ့တဲ့ ဒေသဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KIA အနေဖြင့် အခုလုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်ပါက ယခင်အနာဟောင်းတွေ ပြန်တူးဆွ သကဲ့သို့ ဖြစ်ကာ ကချင်အမျိုးသားများအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားလာမှာကို များစွာစိုးရိမ်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် နယ်မြေအသီးသီးမှာ လက်နက်ကိုင်လမ်းစဉ်ဖြင့် နိုင်ငံတော်အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေကို ထိရောက်စွာ ဟန့်တားထိန်းချုပ်ပေးဖို့ မြန်မာနိုင်ငံ ရဝမ်စာပေယဉ်ကျေးမှုအသင်းအနေဖြင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။
KIA အနေဖြင့် ကချင်သွေးချင်းညီအစ်ကိုတိုင်းရင်းသားလူမျိုးတွေရဲ့ ဇာတိမြေတွေမှာ စစ်ရေးဖြင့် ကျူးကျော်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ ပြောပါတယ်။
ရဝမ်လူမျိုးတစ်ရပ်လုံးအနေဖြင့်လည်း မိမိတို့ဟာ ကချင်ပြည်နယ်မြောက်ပိုင်းရဲ့ ရေခံမြေခံ တိုင်းရင်းသားလူမျိုးတွေဖြစ်တာကို နှလုံးသွင်းလျက် မိမိတို့ဇာတိမြေတွေ၊ သမိုင်းအမွေအနှစ်တွေ မပျောက်ပျက်၊ မတိမ်းကောရေးအတွက် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေမှာ ကျရာကဏ္ဍမှ မပျက်မကွက် ပါဝင်ကြဖို့ မြန်မာနိုင်ငံ ရဝမ်စာပေယဉ်ကျေးမှုအသင်းက တိုက်တွန်းထားပါတယ်။
လက်ရှိမှာ ခေါင်လန်ဖူးမြို့နယ်အတွင်း စစ်တပ်၊ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ နဲ့ KIA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို အဲဒီတိုက်ပွဲတွေအတွင်း ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။