Home » ကက်သာမနက်ဈေးမှာ ဦးမျိုးနိုင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က ငါးရောင်းသူတွေကို စစ်ဆေး

ကက်သာမနက်ဈေးမှာ ဦးမျိုးနိုင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က ငါးရောင်းသူတွေကို စစ်ဆေး

by Homeland Author

ဟုမ္မလင်းမြို့တစ်ဖက်ကမ်း ကက်သာစံပြကျေးရွာရဲ့ မနက်ခင်းဈေးမှာ ဇူလိုင် ၆ ရက်နေ့က လုပ်ငန်းရှင် ဦးမျိုးနိုင် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့တွေက ဈေးအတွင်း ငါးရောင်းချနေသူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဦးမျိုးနိုင်ဆိုသူဟာ ဟုမ္မလင်းမြို့နယ်ရှိ နမ့်ကပေါအင်းနဲ့ သဝန်အင်းတို့မှာ ဒေသခံတောင်သူတွေနဲ့ ရေလုပ်သားတွေရဲ့ လူမှုစီးပွားဘဝကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကက်သာဒေသခံတစ်ဦးက “အင်းလေလံရရှိသူတွေက လက်နက်တွေ ကိုင်ဆောင်ပြီးတော့ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ကက်သာရွာရဲ့ ‌မနက်ဈေးထဲကို ငါးဘယ်ကဝယ်တာလဲ၊ ဘယ်မှာဖမ်းတာလဲဆိုပြီး မနက်ဈေးမှာ လိုက်လံစစ်ဆေးတာမျိုးတွေကတော့ အတော်ကို လွန်တယ်။ ဦးမျိုးနိုင်နဲ့ ပြည်သူစစ်မဟုတ်၊ စာရင်းမပေါက်တဲ့ လက်နက်ကိုင်တွေနဲ့ အဲဒီလိုဆောင်ရွက်တာတော့ အတော်ကို လွန်လွန်းပါတယ်” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်၊ သဝန်တိုက်နယ် ၄ အုပ်စုအတွင်းမှာရှိတဲ့ သဝန်အင်း လုပ်ကိုင်ခွင့်ကို ဦးမျိုးနိုင်အား ထပ်မံကာ (၃) နှစ်သက်တမ်း ကြေးဒိုင်လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းကို ပယ်ဖျက်ပေးဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကြေးပြိုင်လေလံစနစ်နဲ့ ရောင်းချပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

အဆိုပါ တောင်းဆိုချက်ဟာ အခုဆိုရင် လချီကြာမြင့်နေပြီဖြစ်ပေမဲ့ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချပေးခြင်း မရှိသေးဘူးလို့ ဒေသခံတောင်သူတွေနဲ့ ရေလုပ်သားတွေက ပြောပါတယ်။

ရေလုပ်ငန်းကို မှီခို၍ လုပ်ကိုင်နေကြသူ ဒေသခံအမြောက်အမြား ရှိနေပြီး အခုလို ချင်းတွင်းမြစ်၊ ဥရုမြစ်ရေကြီးချိန်တွေမှာ မိမိတို့ရဲ့ ငါးဖမ်းလုပ်ငန်းတွေကို ကန့်သတ်ပိတ်ပင်မှု မရှိဘဲ လုပ်ကိုင်လိုကြတယ်လို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ဒေသခံများ

ဒါကြောင့် ဒေသခံတောင်သူတွေ၊ ရေလုပ်သားတွေနဲ့ လုပ်ငန်းရှင် ဦးမျိုးနိုင်ကြား အင်းလုပ်ကိုင်ခွင့် အငြင်းပွားမှုတွေကို သက်ဆိုင်ရာက အမြန်ဆုံး ဆုံးဖြတ်ချက်ချဖို့ ဒေသခံတွေက လိုလားနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိ အာဏာပိုင်တွေက အင်းလုပ်ကိုင်ခွင့်ပြုထားသူ လုပ်ငန်းရှင် ဦးမျိုးနိုင်ဆိုသူဟာ ကိုယ်ပိုင်လက်နက်ကိုင်တွေ ဖွဲ့စည်းကာ တောင်သူတွေကို ခြိမ်းခြောက်နေသလို စိုက်ပျိုးရေးတွေမှာလည်း ရေပိတ်ဆို့မှုကြောင့် ပျိုးခင်းတွေ ရေမြုပ်ပျက်စီးခဲ့ရပြီး ဒေသတွင်း စပါးဖူလုံမှုကို ထိခိုက်စေခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူ ငါးခိုးယူရှာဖွေကြောင်း အထောက်အထားမဲ့ စွပ်စွဲချက်တွေနဲ့ တောင်သူတွေကို လျှော်ကြေးငွေမတရား တောင်းခံခဲ့တဲ့ လုပ်ရပ်တွေကို ကျူးလွန်ထားသူလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခုနှစ် ရေကြီးချိန်မှာ ငါးဖမ်းပိုက်ကွန်ချထားတဲ့ တောင်သူရေလုပ်သားတွေရဲ့ ပိုက်တွေကို သိမ်းယူတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဦးမျိုးနိုင်ဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုကာ ကက်သာမနက်ဈေးအတွင်း ငါးရောင်းချနေသူတွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

related posts

Leave a Comment