Home » ဗန်းမောက်မြို့ စက်တောကျေးရွာသို့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့်ပြု

ဗန်းမောက်မြို့ စက်တောကျေးရွာသို့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့်ပြု

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် စက်တောကျေးရွာအတွင်းသို့ ဒေသခံပြည်သူလူထုတွေကို ရွာအတွင်း ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှစ၍ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြန်လည်နေထိုင်ခွင့် ပြုလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မိုးတွင်းကာလမှာ ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်းခွင်တွေမှာ ပြန်လည်ပြီး လုပ်ကိုင်နိုင်ဖို့ နဲ့ တောထဲ တောင်ထဲတွေမှာ စစ်ဘေးရှောင်နေကြရတော့ ကျန်းမာရေး အခက်အခဲတွေ ရှိလာနိုင်တယ်၊ ကိုယ်ရပ်ကိုယ့်ရွာဆိုတော့ အဆင်ပြေပြေနေလို့ ရတယ်၊ ဘေးကင်းလုံခြုံမှုတွေလည်း ပြန်လည်အဆင်ပြေပြီဆိုတော့ SNA ဖက်က ပြန်ဝင်ခွင့် ပြုလိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တောရွာမှာ အရှေ့ကုန်းရပ်ကွက်၊ အလယ်ကုန်းရပ်ကွက်၊ ပင်တိုက်ရပ်ကွက် နဲ့ စီးကုန်းရပ်ကွက် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး လက်ရှိ ပြန်လည်ဝင်ရောက်တဲ့ အိမ်ထောင်စု ၁၁၁ စု၊ ပြန်လည်ဝင်ရောက်တဲ့ လူဦးရေ ကျား ၁၂၆ ဦး၊ မ ၁၉၅ ဦး စုစုပေါင်း ၃၂၁ ဦး ပြန်လည်ဝင်ရောက်နေထိုက်ကြပြီ ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဗန်းမောက်မြို့အပါအဝင် အနီးအနားရှိ ကျေးရွာအများအပြားကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံ KaDu Army ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

KIA၊ KaDu Army ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့အပါအဝင် စက်တော၊ ခမိုး၊ ကံရွာ စတဲ့ကျေးရွာအများအပြားက ဒေသခံပြည်သူတွေဟာ ဘေးကင်းရာ ဒေသအသီးသီးသို့ တိမ်းရှောင်သွားကြရပါတယ်။

အဲဒီနောက် SNA နဲ့ တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က ဗန်းမောက်မြို့အနီးရှိ စက်တောကျေးရွာ နဲ့ ခမိုးကျေးရွာ၊၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကို SNA နဲ့ တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးနောက်၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကစ၍ ပြည်သူလူထုတွေကို မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါတယ်။ လက်ရှိမှာလည်း စက်တောကျေးရွာအတွင်း ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက်မှာစ၍ ဒေသခံပြည်သူတွေကို ပြန်လည်နေထိုင်ခွင့် ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment