Home » ခန္တီးမြို့ကို နာဂဒေသဟု ဖော်ပြမှု လောကသစ္စာကုမ္ပဏီ ပြန်တောင်းပန်

ခန္တီးမြို့ကို နာဂဒေသဟု ဖော်ပြမှု လောကသစ္စာကုမ္ပဏီ ပြန်တောင်းပန်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု ရေးသားမှုအတွက် လောကသစ္စာကုမ္ပဏီ (Law Ka Thitsar Co., Ltd.) က အနူးအညွတ် ပြန်လည်တောင်းပန်လိုက်ပါတယ်။

လောကသစ္စာကုမ္ပဏီဟာ ခန္တီးမြို့မှာ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှာ မီတာကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်ဖို့ ဖြန့်ဝေတဲ့ ဖိတ်ကြားစာ အချို့မှာ “စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့” လို့ ဖော်ပြရမယ့်အစား “စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီးခရိုင်၊ ခန္တီးမြို့” လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

ခန္တီးမြို့မှာ မူလဌာနေတိုင်းရင်းသားဖြစ်တဲ့ ရှမ်းတိုင်းရင်းသားတွေ အနေများတဲ့ မြို့မရပ်ကွက်အပိုင်းကို “စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ် ခန္တီးမြို့” လို့ လိပ်မူပြီး အခြား ပေါမိုင်းရပ်ကွက် နဲ့ ဇီးဖြူကုန်းရပ်ကွက်ကို “စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် ခန္တီးမြို့” ဆိုကာ လိပ်မူရေးသားခဲ့တာပါ။

အဲဒီ ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး မြို့ခံပြည်သူတွေအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် လက်ရှိမှာ လောကသစ္စာကုမ္ပဏီက ရှမ်းရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ခန္တီးမြို့နယ်) သို့ လိပ်မူပြီး အနူးအညွတ်တောင်းပန်ကြောင်း ဆိုပါတယ်။

အဲဒီ ကိစ္စအတွက် ကုမ္ပဏီရဲ့ ရေးသားဖော်ပြမှု အလွဲအချော်ကိစ္စအဝဝကို အပြည့်အဝတာဝန်ယူ၍ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ခွင့်လွှတ်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နောက်နောင် အခုလို မှားယွင်းမှုမျိုး ထပ်မံဖြစ်ပွားစေခြင်း (လုံးဝ) မရှိစေရဘူးလို့ ဝန်ခံတောင်းပန်ကြောင်း နဲ့ မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး အား အနူးအညွတ် ထပ်ဆင့် တောင်းပန်တယ်လို့ လောကသစ္စာကုမ္ပဏီက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၆ (ခ) အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လဟယ်မြို့နယ်၊ လေရှီးမြို့နယ် နဲ့ နန်းယွန်းမြို့နယ် တို့ကို စုစည်း၍ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုအဖြစ် ဖွဲ့စည်းထားပါတယ်။

related posts

Leave a Comment