Home » တရုတ်ဖမ်းဆီးထားတဲ့ ဦးမင်းဇင်ကို ပြန်လွှတ်ပေးဖို့ ISP-Myanmar တောင်းဆို

တရုတ်ဖမ်းဆီးထားတဲ့ ဦးမင်းဇင်ကို ပြန်လွှတ်ပေးဖို့ ISP-Myanmar တောင်းဆို

by Homeland Author

တရုတ်အစိုးရက ဖမ်းဆီးထားတဲ့ မြန်မာ့မဟာဗျူဟာ နဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့မှာ ထုတ်ပြန်ချက်တောင်းဆိုလိုက်ပါတယ်။

ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းစွာဖမ်းဆီးထားခြင်း အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဦးမင်းဇင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ဖို့ သွားရောက်ချိန် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ISP-Myanmar ဟာ လွတ်လပ်ပြီး ပါတီစွဲကင်းသော၊ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်း (think tank)တခုသာဖြစ်ပြီး မြော်မြင်ချက်မှာ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသောလူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေရေးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးဖို့နဲ့ နိုင်ငံ့အရေးမှာ နိုင်ငံသားတွေပါဝင်မှု အားကောင်းလာစေဖို့ ဦးတည်ကြောင်း ထိုဦးတည်ချက်တွေနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွား ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အာရုံစိုက်ကာ မူဝါဒဆိုင်ရာသုတေသနတွေနဲ့ ဒေတာအချက်အလက်အခြေပြု ဆန်းစစ်ချက်တွေ ထုတ်ပြန်ခြင်း၊ လူထုဆက်ဆံဆက်သွယ်ရေးနဲ့ ခေါင်းဆောင်အဆင့် ချဉ်းကပ်ဆွေးနွေးခြင်းတွေအပြင် အနာဂတ်မျိုးဆက်တွေအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေပို့ချခြင်း တို့ကို လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မြန်မာ့နိုင်ငံရေးကို လေ့လာ သုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယ နဲ့ ဖမ်းဆီးထားတာလို့ ဇွန် ၁၂ ရက်က ပြောကြားခဲ့ပါတယ်။

အထောက်အထားမဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မှန်သမျှကို ISP-Myanmar က အပြင်းအထန်ကန့်ကွက်ပြီး ငြင်းပယ်ရှုတ်ချကြောင်း အဖွဲ့အစည်းအနေဖြင့် လွတ်လပ်သောသုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်၍ အများပြည်သူအကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်တဲ့ သုတေသန အခြေပြု သုံးသပ်ချက်တွေ နဲ့ ဆန်းစစ်ချက်တွေကို ဆက်လက်ထုတ်ဝေတင်ပြသွားမယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်ဖိအားပေးမှုမခံရဘဲ လွတ်လပ်စွာသုတေသနပြုလေ့လာခွင့်ရနိုင်ရေးမှာ ISP-Myanmar အပါအဝင် ပညာရပ်ဆိုင်ရာနဲ့ သုတေသနအဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးတယ်လို့ ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment