Home » မိုးညှင်း‌ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေကို ထောင်ပိုင်မှ ဖြတ်ယူနေ

မိုးညှင်း‌ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ငွေကြေးထောက်ပံ့မှုတွေကို ထောင်ပိုင်မှ ဖြတ်ယူနေ

by Homeland Author

မိုးညှင်းဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေကို ငွေကြေး၊ ဆေးဝါးနဲ့ ရိက္ခာတွေကို လစဉ်ထောက်ပံ့မှုတွေ ရှိနေသော်လည်း ထောင်အာဏာပိုင်တွေက ကြားမှဖြတ်ယူနေတယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထံက သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံရေးပုဒ်မအမျိုးမျိုးဖြင့် မိုးညှင်းဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အစောပိုင်းကာလတွေမှာ အပြင်မှ ထောက်ပံ့မှုတွေကို ရရှိခဲ့သော်လည်း ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ထောင်အာဏာပိုင်တွေမှ ထောက်ပံ့မှုတွေကို ဖြတ်ယူနေတာလို့ ဆိုပါတယ်။

ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက “ကျနော်တို့ကို ပိုက်ဆံတွေ ဆေးဝါးရိက္ခာတွေ လစဉ်ထောက်ပံ့တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျနော်တို့က ဘာမှမရတော့ဘူး။ အရင်နှစ်တွေကတော့ ရတယ်၊ ထောင်အာဏာပိုင်အပြောင်းအလဲတွေဖြစ်ပြီး ၂၀၂၅ နှစ်ကုန်ပိုင်းလောက် ဘာမှ မရတော့ဘူး။ ဒါပေမဲ့ အပြင်ကတော့ လစဉ်သွင်းပြီး‌ ထောင်ဘက်ကလည်း လက်ခံ‌ပြေစာတွေပေးတယ်လို့ ကျနော်အပြင်ရောက်တော့ သိရတယ်။ ဆိုတော့ ထောင်အာဏာပိုင်တွေကပဲ ဖြတ်စားလိုက်တယ်ထင်တယ်” လို့ ပြောပါတယ်။

လက်ရှိ မိုးညှင်းဗဟိုအကျဉ်းထောင်မှာ ထောင်ပိုင်မှူး ဦးသန့်ဇင်ဝင်း က စတင်တာဝန်ယူချိန်မှစ၍ နိုင်ငံရေးအကျဉ်းသားတွေက ရရှိမယ့် အထောက်အပံ့တွေကို ဖြတ်ယူနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေး၊ ဆေးဝါး၊ စားနပ်ရိက္ခာတွေကို လကုန်ပိုင်း ၂၈ ရက်၊ ၂၉ ရက်နေ့တွေမှာ ပေးပို့လေ့ရှိပြီး၊ ပေးပို့ချိန်တိုင်း ထောင်အာဏာပိုင်တွေက လက်ခံရရှိကြောင်း ဖြတ်ပိုင်း ထုတ်ပေးတယ်လို့ ဆိုပါတယ်။

ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက “၂၀၂၅ အကုန် ၈ လပိုင်းလောက်က ကျနော်တို့ နိုင်/ကျဉ်းထဲကပဲ အမျိုးသမီးဆောင်ဘက်မှာ မယွန်းသရဖီကျော်ဆိုတဲ့အမျိုးသမီးတစ်ဦး အူမကြီးကင်ဆာဖြစ်တာ။ သူ့ကို ဆေးကုဖို့အတွက် လိုတော့ ကျနော်တို့ နိုင်/ကျဉ်းထဲက တခြားအမျိုးသမီးတစ်ယောက်ကိုခေါ်ထုတ်ပြီးတော့ မေးတယ်တဲ့။ မင်းတို့ကို ဘယ်သူထောက်ပံ့နေလဲ၊ ထောက်ပံ့နေတဲ့သူဆီ ပိုက်ဆံတောင်းပေး ဒီတစ်ယောက်ကို ဆေးကုဖို့လိုတယ်ဆိုပြီး တောင်းခိုင်းတယ်လို့ကြားတယ်” လို့ ဆိုပါတယ်။

ထို့အတူ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ထောင်ဝန်ထမ်းတွေဟာလည်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေထံ ငွေကြေးထောက်ပံ့မှု၊ ရိက္ခာထောက်ပံ့မှု ကိစ္စရပ်တွေကို လိုက်လံစုံစမ်းမှုတွေလည်း ရှိနေတယ်လို့ ပြန်လည်လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။

လက်ရှိ မိုးညှင်းဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား( ၉၅) ယောက်နဲ့အထက်မှာ ရှိနေပြီး အမျိုးသမီးက( ၁၃) ဦးဖြစ်ပြီး ကျန်လူတွေက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment