Home » KIA နဲ့ ဆက်စပ်ဟုဆိုပြီး ဖမ်းဆီးသွားတဲ့ မိုးကောင်းက ဆရာတော်ကို အမှုနှစ်ခုဖွင့်

KIA နဲ့ ဆက်စပ်ဟုဆိုပြီး ဖမ်းဆီးသွားတဲ့ မိုးကောင်းက ဆရာတော်ကို အမှုနှစ်ခုဖွင့်

by Homeland Author

မိုးကောင်းမြို့နယ် ပင်းဘောအုပ်စု အင်ကြင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကို ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ဆက်စပ်တယ်လို့ဆိုပြီး စစ်တပ်က ဖမ်းဆီးသွားပါတယ်။

အင်ကြင်းကုန်းဆရာတော်ကို ဖမ်းဆီးပြီးနောက် စစ်တပ်က မိုးကောင်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ပုဒ်မ ၅၂(က) အမှုနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း အဲဒီအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

“ဆရာတော်ကို မိုးကောင်းရဲစခန်းမှာ လူဝတ်လှဲပြီး ဖမ်းချုပ်ထားတယ်။ လောလောဆယ် အမှုနှစ်ခုနဲ့ တရားစွဲထားတယ်လို့ ကြားတယ်။ အကြမ်းဖက်နဲ့ ဆက်စပ်မှုတွေပေါ့” လို့ ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဟာ အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်သမားများထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ငွေကြေး၊ ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ခြင်းကို တားမြစ်ထားတဲ့ ပုဒ်မဖြစ်ပြီး အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ကြောင်း သိရပါတယ်။

အလားတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)ဟာလည်း အကြမ်းဖက်အုပ်စု သို့မဟုတ် အကြမ်းဖက်သမားများရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတာတွေကို အရေးယူတဲ့ ပုဒ်မတစ်ခု ဖြစ်ပြီး အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ်၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

related posts

Leave a Comment